မွတ်စလင် ဆန့်ကျင်ရေး တရားများဖြင့် ကျော်ကြားလှသူ အမျိုးသားရေး ဝါဒီ ဦးဝီရသူသည် ရခိုင်ပြည်နယ် မောင်တောမြို့သို့ သွားရောက်လျှက်ရှိသည်။
နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဗုဒ္ဓဘာသာ အမျိုးသားရေး အုပ်စု ဖြစ်သော မဘသ ၏ ထိပ်တန်းအဖွဲ့ဝင် ဖြစ်ပြီး သူ၏ ဘာသာရေး အမုန်းတရားများ ကြောင့် လွန်ခဲ့သော မတ်လမှ စတင်ကာ တရားဟောခွင့် ပိတ်ပင်ခြင်း ခံထားရသော ဦးဝီရသူ၏ လုံခြုံရေးကို တာဝန်ယူထားကြသည်။
ဦးဝီရသူ သည် ရဲတပ်ဖွဲ့ စောင့်ကြည့်နေသည့် မောင်တောမြို့လယ်ရှိ အလိုတော်ပြည့် ကျောင်းတိုက်တွင် တည်းခို သတင်းသုံးသည် ဟု ဒေသခံများ၏ အဆိုအရ သိရသည်။
သူသည် မြောက်ပိုင်းရှိ ရခိုင်ကျေးရွာများသို့ သွားရောက်ရန် အာဏာပိုင်များကို ခွင့်တောင်းထားသည်။
ဗုဒ္ဓဘာသာ ရခိုင် အများစုတို့က ဒေသတွင်းမှ အကြမ်းဖျင်းအားဖြင့် ၁ သန်းခန့်ရှိသော ၎င်းတို့ကို ၎င်းတို့ ရိုဟင်ဂျာဟု သတ်မှတ်ထားကြသည့် နိုင်ငံမဲ့ မွတ်စလင်များသည် ဒေသခံ ဖြစ်သည် ဟူသော ပြောဆိုချက်ကို ပြင်းထန်စွာ ငြင်းဆန်ကြပြီး အစိုးရက ထိုလူနည်းစုကို ရည်ညွှန်း သုံးနှုန်းသည့် အတိုင်း ဘင်္ဂါလီများဟုသာ ခေါ်သည်။ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်လာသူများဟု သက်ရောက်သည်။
ထိုဒေသတွင် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ရဲကင်းများကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာ စစ်တပ်သည် ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး တခု စတင်ခဲ့သည်။
ထို တိုက်ခိုက်မှုများ အတွက် ဟာရာကာ အယ်လ် ယာကင် Harakah al-Yaqin ၎င်းတို့၏ လက်ချက် ဖြစ်သည် ဟု ကြေညာသည်။ နောက်ဆက်တွဲ ပေါ်ပေါက်လာသော လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးများ အတွင်း ရိုဟင်ဂျာ ရာနှင့်ချီ သေဆုံးကြပြီး လူ ၇၅၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးကြသည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။
ဦးဝီရသူသည် ရခိုင် အသိုင်းအဝန်းသို့ လှူဒါန်းရန် ဆန်များ ယူဆောင်လာခဲ့သည်ဟု မောင်တောမှ ရဲအရာရှိတဦးက ပြောသည်။ သူသည် ဆန်အိတ် စုစုပေါင်း ၃၀၀၀ ယူဆောင်လာသည် ဟု ပြည်တွင်း မီဒီယာများက ဖော်ပြကြသည်။
ဦးဝီရသူ နှင့် အဖွဲ့သည် ထိုဒေသမှ ရခိုင်ကျေးရွာများသို့ သွားရောက်ရန် ပြည်နယ် အစိုးရထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေသည် ဟု ထိုအဖွဲ့နှင့် လိုက်ပါလာသော မဘသ အဖွဲ့ဝင် ကိုဖိုးသားက ပြောသည်။
အာဏာပိုင်များက အချို့သော နေရာများကို လုံခြုံရေး အခြေအနေ အရ ကန့်သတ်နယ်မြေ အဖြစ်သတ်မှတ်ထားသည် ဟု ၎င်းက ဆက်ပြောသော်လည်း ထိုနေရာများ၏ အမည်ကို ထုတ်ဖေါ်ပြောကြားခြင်း မပြုပေ။
“ဒီမှာ အဆင်မပြေတဲ့ ကိစ္စတချို့ တွေ့နေရတယ်။ ကျနော်တို့က တနေရာရာကို သွားပြောရင် အာဏာပိုင်တွေက အဲဒီနေရာ အစား တခြားနေရာကို သွားဖို့ ခွင့်ပြုချက် ပေးတယ်” ဟု ၎င်းက ပြောသည်။
ခရီးစဉ် မည်မျှကြာမည်၊ ထိုဒေသတွင် တရားဟောမည်၊ မဟောမည် စသည့် အသေးစိတ်များကို သူက ပြောဆိုရန် ငြင်းဆန်သည်။ မီဒီယာများကမူ ထိုခရီးစဉ်သည် ၆ ရက် ကြာမည်ဟု ဖော်ပြကြသည်။
“ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ရခိုင်ကျေးရွာတွေကို လှူဒါန်းဖို့ပါ၊ လောလောဆယ်တော့ ကျနော် ဒီလောက်ပဲ ပြောနိုင် သေးတယ်။ ဆရာတော်က ဒီနေ့နေ့လယ် မောင်တောမှာ သတင်းစာရှင်းလင်းပွဲ လုပ်ရင်လည်း လုပ်မယ်” ဟု ၎င်းက နံနက်ပိုင်းတွင် ပြောသည်။
သီးခြား ဖြစ်စဉ် တခုတွင်မူ ဗုဒ္ဓဟူးနေ့ညက စစ်တွေမြို့ မွတ်စလင် ရပ်ကွက်မှ မီးလောင်ပျက်စီးသွားသော အိမ် ၂ လုံး အနက် တလုံး၏ ပိုင်ရှင် အသက် ၆၀ အရွယ် အာနုလာမားသည် စစ်မေးရန် အတွက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။
ထို အမ်ဘာလာ ခေါ် အောင်မင်္ဂလာ ရပ်ကွက်တွင် မီးလောင်ကျွမ်းစဉ် အာနုလာမားသည် သမီးဖြစ်သူ၏ အိမ်သို့ သွားရောက် လည်ပတ်နေသည်ဟု ဒုရဲမှူးဦးချိုလွင်က ပြောသည်။ ထိုမီးမှာ ဆိုလာပြားမှ စတင် လောင်ကျွမ်းခြင်း ဖြစ်နိုင်သည် ဟုလည်း ၎င်းက ပြောသည်။
ဒေသခံ ရာနှင့် ချီပြီး မီးလောင်ကျွမ်းသည်ကို ကြည့်ရှုရန် ထွက်လာခဲ့ကြပြီး တဦးဒဏ်ရာ ရသွားခဲ့သည် ဟု ပြောပြီး နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက လူစုကွဲသွားစေရန် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့် ချထားခဲ့ရသည် ဟု ဆိုသည်။
မွတ်စလင်များ မီးငြှိမ်းသတ်ရန် ကြိုးစားနေစဉ် အချို့သော ရခိုင်များက မီးလောင်နေသော အိမ်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့သည်ဟု ဒေသခံ ရိုဟင်ဂျာ ဦးကျော်လှအောင်က ဧရာဝတီသတင်းဌာနသို့ ဖုန်းမှ တဆင့် ပြောသည်။
ဦးဝီရသူ လာရောက် လည်ပတ်သောကြောင့် အမျိုးသားရေးဝါဒီများ ပိုမိုအတင့်ရဲလာမည်ကို စိုးရိမ်ကြောင်း ပြောပြီး ဦးဝီရသူက ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ ပြည်နှင်ဒဏ် ပေးရမည် ဟု ပြောသောကြောင့် ရခိုင်အများအပြားက ဦးဝီရသူကို ထောက်ခံကြကြောင်း ဆက်ပြောသည်။
“ဦးဝီရသူ လာတုန်း တခုခု ဖြစ်ရင် အစိုးရမှာ တာဝန်ရှိတယ်” ဟု ဦးကျော်လှအောင်က ပြောသည်။
လူထုကို အထိတ်တလန့် ဖြစ်စေပြီး အစိုးရကို ဆန့်ကျင်စေရန် အားပေးလှုံ့ဆော်မှု အတွက် မဘသ အဖွဲ့ဝင် ၄ ဦးကို ရာဇဝတ်မှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်သည်။
အမေရိကန်သံရုံးက ရိုဟင်ဂျာ ဟူသော စကားလုံးကို သုံးစွဲသောကြောင့် ရန်ကုန်ရှိ အမေရိကန်သံရုံး ပြင်ပတွင် ဆန္ဒပြသော ၎င်းတို့အား တရားစွဲဆိုခြင်း ဖြစ်သည်။
ထိုတရားရုံးသို့ ဦးဝီရသူ က ဆေးရုံသုံး မျက်နှာဖုံး ဝတ်ဆင်ကာ လာရောက် နားထောင်ခဲ့ပြီး သံဃာ့မဟာနာယက အဖွဲ့က ချမှတ်ထားသော တရားဟောခွင့် ပိတ်ပင်သည့် အမိန့်ကို ဆန့်ကျင်သည့် အနေဖြင့် ပါးစပ်တွင် ကပ်ထားသော တိပ်ကို ပြသရန် နောက်ပိုင်းတွင် ဆေးရုံသုံး မျက်နှာဖုံးကို ချွတ်ပစ်ခဲ့သည်။
ထိုနေ့မှာပင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ မွတ်စလင် ဘာသာရေး စာသင်ကျောင်း ၂ ကျောင်းသို့ ဗုဒ္ဓ ဘာသာ အမျိုးသားရေး အုပ်စုဟု ဆိုသူများ ရောက်ရှိလာကာ ခွင့်ပြုချက်မဲ့ တရားမဝင် ဗလီများ အဖြစ် အသုံးပြုနေသည် ဟု စွပ်စွဲသောကြောင့် အာဏာပိုင်များက ထိုကျောင်းများကို ပိတ်ပင်ခဲ့သည်။
နောက်နှစ်ရက် အကြာတွင် ဦးဝီရသူ နှင့် အခြား မဘသ ဆရာတော် ၁၀ ပါးခန့်တို့သည် ၎င်းတို့၏ နောက်လိုက်များနှင့် အတူ ရန်ကုန်မှ ရခိုင်ပြည်နယ်သံတွဲမြို့နယ်သို့ လေယာဉ်ဖြင့် သွားရောက်ကြပြီး ထိုမှတဆင့် ပြည်နယ်မြို့တော် စစ်တွေသို့ ဆက်လက် သွားရောက်ကြသည်။ ဗုဒ္ဓဟူးနေ့တွင် စစ်တွေမှ တဆင့် ဘူးသီးတောင်သို့ သင်္ဘောဖြင့် သွားပြီး မောင်တောသို့ ကားဖြင့် သွားကြသည်။
ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာ အသိုက်အဝန်းနှင့် မွတ်စလင် အသိုက်အဝန်း တို့ကြား ၂၀၁၂ ခုနှစ်တွင် ပဋိပက္ခ ဖြစ်ပွားပြီး နောက်တွင် ဦးဝီရသူသည် မောင်တောသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ ထိုခရီးစဉ်များ အတွင်း ၎င်းက မွတ်စလင်များကို အပြစ်တင်ပြီး ပြည်နှင်ဒဏ် ပေးရန် တောင်းဆိုကာ အစွန်းရောက် အမျိုးသားရေး စိတ်ဓာတ်များ လှုံ့ဆော်သည်။