စက်မှုဝန်ကြီးဌာနအတွင်း အရာထမ်း ၂၂ ဦး အပြောင်းအရွှေ့လုပ်ခြင်းနှင့်ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာတွင် မဟုတ် မမှန် ရေးသားနေသူများကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက မေလ ၄ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်လိုက်သည်။
ယခုကဲ့သို့ ရေးသားနေမှုများသည် ဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ လျှို့ဝှက်စာရွက်စာတမ်း၊ အချက်အလက်များ ပေါက်ကြား ခြင်း ဖြစ်၍ ပါဝင် ပတ်သက်သူများကို အဆင့်ဆင့် ဖော်ထုတ်ပြီး တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ် သကဲ့သို့ Aung N Htwe (ဂိုရှယ်လေး) ဆိုသူ၏ အကောင့်တွင် ရေးသားထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Aung N Htwe(ဂိုရှယ်လေး) အကောင့်အမည်ဖြင့် လူမှုကွန်ရက်သုံးသူက “စက်မှုဝန်ကြီးနှင့် ခြစားမှုအရှုပ်တော်ပုံကို ဖော် လိုက်ပြီ (ယခုအစိုးရ)” ဆိုသည့် ခေါင်းစဉ်ဖြင့် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ခြင်းများနှင့် ပတ်သက်၍ စက်မှု ဝန်ကြီး ဌာနက ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ “ကျနော် မှန်ကန်သည့်အတွက် မည်သည့်နည်းဖြင့် ရင်ဆိုင်ရပါစေ မတွန့်ဆုတ်ပါ။ အချက်အလက်များကို မှန်ကန်စွာ ရရှိထာပြီး စက်မှုဝန်ကြီးမှ တစုံတရာ အောက်ခြေ ဝန်ထမ်းများ၏ ယနေ့ မကျေနပ်မှုအား မျက်ကွယ်ပြု ရှေ့ဆက်တိုးလာလျှင် အဆင့်ဆင့် အများပြည်သူများကို ချပြပေးသွားပါမည်” ဟု Aung N Htwe (ဂိုရှယ်လေး)၏ လူမှုကွန်ရက် စာမျက်နှာတွင် တုံ့ပြန် ရေးသားထားသည်။
စက်မှုဝန်ကြီးနှင့် ခြစားမှုအရှုပ်တော်ပုံကို ဖော်လိုက်ပြီ (ယခုအစိုးရ) ဟူသည့် ခေါင်းစဉ် အောက်တွင် စက်မှုဝန်ကြီးဌာန တွင်းရှိ ဝန်ထမ်းတဦးက ရာထူးတိုးမြှင့်ပေးရန်နှင့် ၎င်း၏အထက်က အရာရှိ ၂၀ ကို နေရာ၊ ဌာနေများ ပြောင်းရွှေ့ပေးရန် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုနှင့်ဇနီးကို လာဘ်ပေးပြီး ဆောင်ရွက်ခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။
Aung N Htwe(ဂိုရှယ်လေး)က သူ၏ ရေးသား ဖော်ပြချက်များနှင့် ပတ်သက်၍ တစုံတရာ မှားယွင်းနေသည်ဆိုပါက တရား စွဲဆိုနိုင်သည် ဟုလည်း ထည့်သွင်း ရေးသားထားသည်။
ယင်းသို့သော ရေးသားချက်များနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် စက်မှုဝန်ကြီးဌာနအတွင်း လုပ်ငန်း လိုအပ်ချက်များအရ ဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ အရာထမ်း ၂၂ ဦးတို့အား ပြောင်းရွှေ့ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းဖော်ပြထားသည်။
ဆက်လက်၍ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အရှုံးပေါ်၍ ခေတ္တရပ်ဆိုင်းထားသော နိုင်ငံပိုင်စက်ရုံများအား နိုင်ငံတော်၏ လိုအပ်ချက်အရ ပြန်လည်သုံးသပ်စိစစ်နိုင်ရေး၊ ပုဂ္ဂလိကသို့ လွှဲပြောင်း/ငှားရမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့ကို ပိုမိုသွက်လက်စွာ ဆက်လက် လုပ်ဆောင်ရန် အတွက် မြန်မာ့ဆေးဝါး လုပ်ငန်း၏ ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်ကို တခြား သင့်လျော်သူ တဦးဖြင့် အစားထိုးခန့်အပ် တာဝန်ပေးလိုခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးသို့ တင်ပြ ထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်ကလည်း စက်မှုဝန်ကြီးဌာနအတွင်း လုပ်ငန်း လိုအပ်ချက်အရ ဝန်ထမ်းများ အပြောင်းအရွှေ့ လုပ်ခြင်း ဖြစ်ပြီး လူမှုကွန်ရက်တွင် ရေးသား ဖော်ပြထားသကဲ့သို့ မဟုတ်သည့် အတွက် ထိခိုက် နစ်နာစေရန် ရေးသားသူ အပါအဝင် ပတ်သက်နေသူများကို ဖော်ထုတ် အရေးယူသွားမည်ဟု RFA သတင်းဌာန ကို ဖြေဆိုထားသည်။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ အတည်ပြုရန် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်ကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ရာ အစည်းအဝေးထဲ ရောက်နေသည်ဆို၍ ညနေ ၅ နာရီအထိ မေးမြန်းခွင့် မရခဲ့ပါ။