The Voice နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည့် “ကျည်ထောင်စုသစ္စာ” အမည်ရှိ သရော်စာနှင့် ပတ်သက်ပြီး တပ်မတော်က မြန်မာနိုင်ငံ သတင်းနှင့် မီဒီယာ ကောင်စီထံ တိုင်ကြားထားပြီး ပြေလည်မှုရရှိရန် ကောင်စီက ကြားဝင် ဖြေရှင်းပေးနေရကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် လက်နက်ကိုင်ပဋိပက္ခကို ဝေဖန်သရော်ထားသည့် “ကျည်ထောင်စုသစ္စာ” သရော်စာကို မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့ပြီး The Voice ၏ ပင်တိုင်သရော်စာကလောင်ရှင် ဗြိတိသျှ ကိုကိုမောင်က ရေးသားထားခြင်းဖြစ်သည်။
၇၂ ကြိမ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဖြင့် တပ်မတော်က ရိုက်ကူးထုတ်လုပ်ခဲ့သော “ပြည်ထောင်စုသစ္စာ” ဇာတ်ကားအမည်ကို အမှီပြုသရော်ကာ သရော်စာ၏ ခေါင်းစဉ်ကို ပေးထားခြင်းဖြစ်သည်။
သရော်စာတွင် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်က “ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတဲ့။ အမည်က အဲ့ဒီလို။ ပြည်မြို့က ထောင်ထဲမှာ စုထားတဲ့ နိုင်ငံတော်ကြီးလို့လည်း မထင်နဲ့။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှစ်ပြည်ထောင် စုထားတာကြီး ပါတဲ့လေ။ စုထားတယ် ဆိုတာကလည်း တခြားတော့ မဟုတ်ပါဘူး။ တစုတစည်းတည်း တက်ညီလက်ညီ ရန်ဖြစ်ဖို့ စုထားကြတာ။ ရန်ဖြစ်တာတောင် အခုမှ ဖြစ်တာမဟုတ်ဘူး။ သမိုင်းနဲ့ချီပြီး ဖြစ်လာကြတာနော်” ဟု အစချီ ရေးသားထားသည်။
“တကယ်တမ်း သုံးသပ်ကြည့်ရရင်တော့ အမှန်လည်း စည်းလုံးကြပါတယ်။ အမျိုးကို ချစ်ကြပါတယ်။ စည်းလုံးဆို အပြင်နိုင်ငံတွေနဲ့ ရန်မဖြစ်ဘူး။ အထဲမှာပဲ ကိုယ့်အချင်းချင်း ပတ်ဆော်နေကြတော့တာ” ဟု ကားဖြင့် တရက်ခရီးသွားလိုက်လျှင်ပင် ရှေ့တန်းစစ်မြေပြင်သို့ ရောက်သွားမည်ဖြစ်ကြောင်းလည်း စာရေးသူက သရော်ထားသည်။
ကလောင်ရှင် ဗြိတိသျှကိုကိုမောင်က “အောက်ခြေရဲဘော်တွေ တိုက်လို့ သတ်လို့ သေလို့ ဝရင်ဖြင့် ခေါင်းဆောင်ကြီးတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကြီးတွေ ခဏခဏ ကျင်းပကြသေးတာ။ ရှေ့တန်းရောက် နှစ်ဖက်စစ်သားတွေကသာ အချင်းချင်း ဖင်ပြဲအောင် ပစ်နေခတ်နေကြတာနော်။ ခေါင်းဆောင်ကြီးတွေကတော့ အဲ့ဒီပွဲထဲရောက်ရင် အချင်းချင်း သွားအဖြဲသားနဲ့ ဝိုင်ခွက်တွေမြှောက်ကြ၊ ပခုံးတွေဖက်ကြနဲ့ ဓာတ်ပုံရိုက်ကြသေးတာ” ဟု တိုက်ပွဲများတွင် အောက်ခြေစစ်သည်များ အသေအပျောက် ပိုများရကြောင်း သရော်ထားသည်။
စာနယ်ဇင်းကောင်စီ၏ ဒုတိယ ဥက္ကဌ ဒေါက်တာမျိုးသန့်တင်က သင်္ကြန်ပိတ်ရက်မတိုင်ခင်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ သရော်စာနှင့် ပတ်သက်သည့် တိုင်ကြားစာကို လက်ခံရရှိခဲ့ကြောင်း၊ သရော်စာ၏ မည်သည့်အချက်အလက်များအပေါ် တပ်မတော်က မကျေမနပ်ဖြစ်သည်ကိုမူ ကိစ္စမပြီးပြတ်သေးသည့်အတွက် အသေးစိတ် ပြောခွင့်မရှိကြောင်း ဧရာဝတီကို ပြောသည်။
သို့သော်လည်း DVB သတင်းဌာန၏ ဖော်ပြချက်အရ ယင်းသရော်စာကြောင့် တပ်မတော် အရာရှိများနှင့် တပ်မတော်သားများအကြား စိတ်ဝမ်းကွဲစေနိုင်ကြောင်း၊ တိုက်ပွဲများတွင် အရာရှိများက မတိုက်ခိုက်ရဘဲ လက်အောက်ငယ်သားစစ်သည်များကသာ အသေအကြေ တိုက်ပွဲဝင်ရခြင်းဆိုသည့် အချက်များကို ထောက်ပြထားကြောင်း၊ ထို့အတွက် The Voice Daily သတင်းစာဘက်က ဖြေရှင်းပြန်ကြားမှုကို တောင်းခံထားကြောင်း သိရှိရသည်။
The Voice နေ့စဉ်သတင်းစာ၏ အမှုဆောင် အယ်ဒီတာတဦးဖြစ်သူ ကိုအောင်စိုးက တိုင်ကြားစာနှင့် ပတ်သက်ပြီး စာနယ်ဇင်း ကောင်စီက အယ်ဒီတာအဖွဲ့ကို ဧပြီလ ၂၅ ရက်နေ့တွင် အသိပေးခဲ့ပြီး အယ်ဒီတာအဖွဲ့၏ ရပ်တည်ချက်ကို ဧပြီလ ၂၇ ရက်နေ့တွင် ကောင်စီသို့ ပြန်လည် ပို့ခဲ့ပြီး ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“သရော်စာနဲ့ သတင်းတွေရဲ့ စံနှုန်းတွေနဲ့ အရည်အသွေးတွေက ကွဲပြားတယ်ဆိုတာ ကျနော်တို့ ရှင်းပြထားတယ်။ နောက်တခုက ကလောင်ရှင်ကလည်း အခုလို ကိစ္စဖြစ်တော့မှ ကောက်ပြီးရေးတဲ့ဟာ မဟုတ်ဘူး။ The Voice မှာ ပုံမှန်ရေးနေတဲ့ ကလောင်ရှင်တဦးဖြစ်တယ်၊ သရော်စာတွေရဲ့ သဘောသဘာဝ၊ သတင်းရဲ့ သဘောသဘာဝကို သေချာ ရှင်းပြပေးထားပါတယ်” ဟု ကိုအောင်စိုးက ဧရာဝတီကို ပြောသည်။
ကလောင်ရှင်သည် တပ်မတော်ကို ထိခိုက်နစ်နာစေလိုစိတ်မရှိဘဲ ဖြစ်ပျက်နေသော အခြေအနေများအပေါ် သူ၏ ဟာသအမြင်များဖြင့် ရသမြောက်အောင် အပြုသဘော သရော်ထားခြင်းသာ ဖြစ်ကြောင်း၊ တပ်မတော်က သရော်စာအပေါ် နားလည်မှုလွဲသွားခြင်းမျိုး ဖြစ်နိုင်ကြောင်း ကိုအောင်စိုးက ဖြည့်စွက်ပြောဆိုသည်။
သရော်စာကို ရေးသားသူ ဗြိတိသျှကိုကိုမောင်ကလည်း သူ၏စာထဲတွင် မည်သည့် အဖွဲ့အစည်းတခုကိုမျှ အမည်တပ်ဖော်ပြထားခြင်း မရှိဘဲ လက်နက်ကိုင်အဖွဲ့အားလုံး၏ အနေအထားကို ဟာသအမြင်ဖြင့် သရော်စာ၏ စည်းမျဉ်းစည်းကမ်းအတိုင်းသာ ရေးသားထားခြင်းဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“ကျနော်ရေးထားတဲ့ အထဲမှာတော့ တပ်မတော်ကို တိုက်ရိုက်စော်ကားတဲ့ စကားလုံးတလုံးမှ မပါပါဘူး။ သူတို့တိုင်ထားတဲ့အရ ဆိုရင်တော့ တပ်မတော်က အရာရှိနဲ့ တပ်သားတွေကြားမှာ သွေးကွဲစေတယ်လို့ ပြောထားတယ်။ ကျနော်ကတော့ စေတနာနဲ့ ဒီပြည်တွင်းစစ်ကြီး ငြိမ်းသွားစေချင်တဲ့ စိတ်ထားနဲ့ ရေးတာဖြစ်တယ်” ဟု စာရေးသူက ပြောသည်။
ဒေါက်တာမျိုးသန့်တင်က The Voice ၏ ပြန်ကြားချက်ကို တပ်မတော်သို့ အကြောင်းပြန်ကာ လာမည့်အပတ်တွင် နှစ်ဘက် အဖွဲ့အစည်းများ မျက်နှာချင်းဆိုင် ဆွေးနွေးစေနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ မီဒီယာ ဥပဒေအရ စာနယ်ဇင်းကောင်စီသည် တိုင်ကြားမှု မှန်သမျှကို ရရှိပြီး ၁၅ ရက်အတွင်း စတင်ကိုင်တွယ်ရမည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောသည်။
တပ်မတော်နှင့် ပတ်သက်သည့် သတင်းရေးသားဖော်ပြမှုများနှင့် ပတ်သက်ပြီး အလားတူဖြစ်ရပ်မျိုးများ ပြီးခဲ့သည့် နှစ်များတွင်လည်း ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက စစ်တက္ကသိုလ် ကျောင်းဆင်းများသို့ ပေးပို့သည့် သဝဏ်လွှာနှင့် ပတ်သက်၍ သတင်းရေးသားဖော်ပြခဲ့သည့် 7Day Daily ကို တပ်မတော်က ရာဇဝတ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃၁ ဖြင့် တရားစွဲဆိုခဲ့သည်။ ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် တပ်မတော်က တရားစွဲဆိုခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း 7Day သတင်းစာက အစိုးရသတင်းစာများတွင်ပါ တပ်မတော်သို့ တောင်းပန်စာတစောင် ဖော်ပြပေးခဲ့ရသည်။
ယင်းမတိုင်မီက “Twilight over Burma” အမည်ရှိ ဇာတ်ကားသည် တပ်မတော်၏ ပုံရိပ် နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို ထိခိုက်စေသည်ဟု စွပ်စွဲကာ ရုပ်ရှင်နှင့်ဇာတ်ကားစိစစ်ရေးအဖွဲ့က ပြသခွင့် ပိတ်ပင်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင်လည်း မြန်မာတိုင်းမ် သတင်းဌာနသည် ၎င်းတို့၏ အပတ်စဉ် ထုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် အစိုးရတပ်များနှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ကြား ပဋိပက္ခကို အခြေခံကာ ဆွဲထားသော ကာတွန်းဆရာထူးချစ်၏ တကွက်ကာတွန်းနှင့် ပတ်သက်ပြီး တပ်မတော်ကို တောင်းပန်ခဲ့ရသည်။