၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအရ လူမျိုးစုအသစ်များ ထပ်မံပါဝင်နေပြီး ထူးဆန်းသည့် လူမျိုးစု အမည်နာမများ ပါရှိလာသဖြင့် အစိုးရအဖွဲ့ကသာ ဆုံးဖြတ်ထုတ်ပြန်နိုင်ခြင်း မရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က“ ကျနော်တို့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးတဲ့အခါမှာ ဒီကိစ္စက နိုင်ငံတော်အစိုးရတခုတည်း ဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်သူကတော့ တိုင်းရင်းသားဖြစ်တယ်၊ ဘယ်သူကတော့ တိုင်းရင်းသားမဖြစ်ဘူး၊ ဘယ်သူက နာမည်မှားနေတယ်၊ ဘယ်လူမျိုးစုတွေထဲမှာ ဘယ်လူမျိုးတွေ ထည့်ရမလဲ၊ ဒါတွေက ကျယ်ကျယ်ဝန်းဝန်း ဆွေးနွေးဆုံးဖြတ်ဖို့ လိုအပ်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အတည်ပြုပြီး တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိသော်လည်း ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်းစာရင်း နောက်ဆက်တွဲပါ တိုင်းရင်းသား လူမျိုးစု စာရင်းများကို အစိုးရအဖွဲ့ တခုတည်းကသာ မဆုံးဖြတ်နိုင်ဘဲ လွှတ်တော်ရှိ တိုင်းရင်းသားရေးရာ ကော်မတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သမိုင်းဆိုင်ရာ ပညာရှင်များ၊ ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များ၊ နိုင်ငံတကာ ပညာရှင်များနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကိုပါ ဖိတ်ခေါ်၍ အကျေအလှယ် ညှိနှိုင်းဆွေးနွေး ရမည်ဖြစ်ကြောင်း ဦးမြင့်ကြိုင်က ဆက်ပြောသည်။
နေပြည်တော်တွင် မေလ ၂ ရက်က ပြုလုပ်ခဲ့သည့် အစိုးရဝန်ကြီးဌာနများ၏ တနှစ်တာလုပ်ငန်းများ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီက ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်းစာရင်း နောက်ဆက်တွဲပါ တိုင်းရင်းသားလူမျိုးစု စာရင်းများကို ထုတ်ပြန်နိုင်ခြင်း ရှိမရှိနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ၎င်းက အထက်ပါကဲ့သို့ ပြန်လည်ပြောဆိုခြင်း ဖြစ်သည်။
ထို့အပြင် ဗုဒ္ဓကို ကိုးကွယ်ရာဟု သိထားသော်လည်း တချို့က ဗုဒ္ဓလူမျိုးဟုဆိုကြောင်း၊ ဗြဟ္မဏဟုလည်း ဆိုသူများရှိကြောင်း၊ တချို့မှာ မကြားဖူးသည့် နာမည်အထူးအဆန်းများကို ထည့်သွင်းပြောဆိုနေသဖြင့် ယနေ့အချိန်အထိ လူမျိုးအလိုက် လူဦးရေစာရင်းကို ထုတ်ပြန်နိုင်ခြင်းမရှိကြောင်း ဦးမြင့်ကြိုင်က ပြောသည်။
ဥပမာ ရှမ်းလူမျိုး ၃၃ မျိုးထဲတွင် တိုင်းလျမ်လူမျိုးစုက နိုင်ငံသားမှတ်ပုံတင်ကတ်တွင် တိုင်းလျမ်ဟု ရေးသားထားသော်လည်း ယခုအခါ ရှမ်းနီဟု တောင်းဆိုခြင်း၊ ချင်းလူမျိုး ၅၃ မျိုးထဲတွင် ကူကီးနှင့် ခူမီး လူမျိုးအသစ် ထပ်ပေါ်လာခြင်း၊ လီဆူးက လီဆူဟု အမည်ပြောင်းခိုင်းခြင်းများ ရှိနေကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တိုင်ရင်းသားလူမျိုး ၈ မျိုး ရှိသော်လည်း ယင်းသို့လူမျိုး ၈ မျိုးဖြင့်သာ မနေလိုဘဲ သီးခြားသတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း၊ နာဂသည် ချင်းမဟုတ်ဟု ပြောဆိုခြင်း၊ “ဝ” က အခြား လူမျိုးအောက်တွင် မနေလိုဘဲ သီးခြားလူမျိုးအဖြစ် တောင်းဆိုမှုရှိနေကြောင်း ဦးမြင့်ကြိုင်က ဆက်ပြောသည်။
ဦးမြင့်ကြိုင်က “ဥပမာအားဖြင့် ဂေဘားပေါ့။ ဂေဘားဆိုတာ ကယားပြည်နယ်မှာရှိတယ်။ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါတယ်။ အခု ဖြစ်လာတာက လွိုင်ကော်မှာရှိတဲ့ ဂေဘားတွေက ကယားလူမျိုးကြီးအောက်မှာပဲ ဆက်နေချင်တယ်။ သံတောင်ကြီးမှာရှိတဲ့ ဂေဘားတွေက သူတို့က ကယားမဟုတ်ပါဘူး၊ ကရင်အောက်ကို ထည့်ပေးပါလို့ တောင်းဆိုနေတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၃ ရက်က ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသည့် ကရင်မျိုးနွယ်စု အမည်မှန်ထုတ်ဖော်ရေး ဆွေးနွေးပွဲတွင် ကရင်မျိုးနွယ်စု ၇ ခုရှိကြောင်း အတည်ပြုလိုက်ပြီး ၎င်းမျိုးနွယ်စုများ၏ အမည်နာမနှင့်တကွ ခေါ်ဝေါ်သုံးစွဲမှုများကိုပါ အတည်ပြုလိုက်သည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် သန်းခေါင်းစာရင်း ကောက်ယူမှုကို ၁၉၇၃၊ ၁၉၈၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ကောက်ယူခဲ့ရာ ဒီမိုကရေစီ အစိုးရလက်ထက် ကောက်ယူမှုတွင် လွတ်လပ်စွာ ပြောဆိုခွင့်ပေးခဲ့ပြီး ပြောသမျှကို မှတ်တမ်းတင် နိုင်ခဲ့ပြီး၊ သန်းခေါင်းစာရင်း နောက်ဆက်တွဲပါ အိမ်အကြောင်းအရာ၊ ကိုယ်ဝန်ဆောင်၊ ကလေး၊ အပျို၊ လူပျို၊ ကိုးကွယ်မှု ဘာသာနှင့် ဒေသဆိုင်ရာ အကြောင်းများကို အစိုးရက ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။