ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိစ္စနှင့် ပတ်သက်ပြီး သီးခြားလွတ်လပ်သည့် စုံစမ်းလေ့လာ ရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်နေကြာင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
လွိုင်ကော်မြို့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံလွပ်လပ်သော ရှေ့နေများအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ပဉ္စမအကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းရန် စီစဉ်နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ အပြည်ပြည်ဆိုင်ရာ တရားရေးကော်မရှင်၊ အပြည်ပြည်ဆိုင်ရာ ရှေ့နေများ အဖွဲ့ချုပ်စသည်တို့ ပါဝင်ရန်ညှိနှိုင်းနေပြီး ယခုလအတွင်း တွေ့ဆုံသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
“နိုင်ငံတကာဥပဒေ ပညာရှင်တွေ၊ ပြည်တွင်း ဥပဒေပညာရှင်တွေ၊ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ သီးခြားစုံစမ်းလေ့လာရေးအဖွဲ့ ဖွဲ့ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ တရားရေးကော်မရှင် IPC တို့ စတဲ့ ကျန်တဲ့အဖွဲ့အစည်းတွေ ပါဝင်ဖို့ လုပ်မယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီလည်း စာတင်မယ်”ဟု ၎င်းက ဆိုသည်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ပတ်သက်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းသန်းနှင့် ဇေယျာဖြိုးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး လက်သည်တရားခံ တဦးဖြစ်သည့် အောင်ဝင်းခိုင်မှာ ယနေ့အထိ လွတ်မြောက်နေဆဲဖြစ်သည်။
တရားခံများ၏ ထွက်ဆိုချက်အရ လူငယ်သဘာဝ အရ လက်ဖက်ရည်ဆိုင်တွင် ဆွေးနွေးပြောဆိုကြရင်း ဦးကိုနီနှင့် ပတ်သက်၍ မကျေနပ်ချက်များအပေါ် မူတည်၍ လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကလည်း ဦးကိုနီ အသတ်ဖြတ်ခံရမှုအပေါ် လက်ရှိ ကိုင်တွယ်စစ်ဆေးမှုများသည် သာမန် လူသတ်မှု တစ်ခု စစ်ဆေး ဖော်ထုတ်သည့် ပုံစံမျိုးသာ ဖြစ်နေခြင်းကြောင့် လွတ်လပ်သည့် ရှေ့နေများအသင်းနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိနေကြောင်း ရှင်းပြသည်။
“ဦးကိုနီ အမှုက သာမန် လူသတ်မှု ရိုးရိုးမဟုတ်ဘူး။ လုပ်ကြံမှုဖြစ်တယ်။ စနစ်တကျစီမံခန့်ခွဲမှုနဲ့ အုပ်စုတစုဖွဲ့ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်တခုပါ”ဟု ၎င်းက ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒေါက်တာဖေမြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အင်ဒိုနီးရှားနိုင်ငံသို့ လိုက်ပါသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥပဒေအကြံပေးဦးကိုနီသည် ဇန်နဝါရီ၂၉ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ပစ်ခတ် လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။