“ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေအားလုံးမှာ ကလေးတွေ ကိုယ်စီရှိကြပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် ၁ နှစ်အရွယ်၊ ၂ နှစ်အရွယ်ကလေးတွေ ပါတယ်။ အမေတွေက ထောင်ကျတော့ ရွာခံ တွေကပဲ ကြည့်ရှုစောင့်ရှောက်ပေးနေရတယ်” လို့ လယ်သမားအရေးကို လိုက်ပါ ကူညီဆောင်ရွက်ပေးတဲ့ ဦးတင်မောင်တိုးက ပြောပါတယ်။
အမှုကတော့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ရှမ်းပြည်နယ်တောင်ပိုင်း ရေပူကျေးရွာ တရွာလုံးနီးပါး တောင်ယာလုပ် ကိုင်နေသူတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့တဲ့အမှုဖြစ်ပြီး အဲဒီကိစ္စကြောင့် တောင်သူအမျိုးသမီး ၃၂ ဦး အပါအဝင် လယ်သမား ၇၅ ဦး ထောင်ကျသွားပါတယ်။
တောင်သူအမျိုးသမီးမိခင်တွေ ထောင်ကျတဲ့အတွက် ရွာမှာကျန်ရှိနေတဲ့ ကလေးငယ်တွေရဲ့ ဝမ်းနည်းငိုကြွေးနေတဲ့ပုံ တွေကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
တောင်သူအမျိုးသမီး ၃၀ ကျော်အပါအဝင် လယ်သမား ၇၀ ကျော် ထောင်ကျခံရတဲ့အဖြစ်ကတော့ အရပ်သား ဒီမို ကရေစီအစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ကြုံခဲ့ရတဲ့ အဖြစ်ဆိုး ဖြစ်ကြောင်း၊ ထောင်ကျတဲ့ တောင်သူအမျိုးသမီး တွေဟာ အိမ်နဲ့သားသမီးတွေကို ပစ်ထားခဲ့ရပြီး တချို့က ထောင်ဒဏ် ၁ လ၊ တချို့ က ထောာင်ဒဏ် ၂ လနဲ့ တချို့တွေက ၃ လအထိ ကျခံခဲ့ရတယ်လို့ တောင်သူလယ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။
တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု ရေပူရွာက လယ်သမား ၇၅ ဦးကို တပ်ပိုင်လယ်မြေပေါ်ပိုင်နက် ကျူးလွန် ပြီး ဝင်ရောက်လုပ်ကိုင်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခဲ့ရမှာ လွန်ခဲ့တဲ့ ဇန်နဝါရီလအထိတော့ တောင်သူ ၅၅ ဦး ပြန်လွှတ် လာပြီဖြစ်ပေမယ့် တချို့ကတော့ ထောင်ထဲမှာရှိနေသေးကြောင်း၊ လက်ရှိအချိန်ထိ ထောင်ထဲမှာ တောင်သူ ၉ ဦး ကျန်နေသေးကြောင်းလည်း ဦးတင်မောင်တိုးက ဆက်လက်ပြောပြ ပါတယ်။
အရင်ပြန်လွှတ်တဲ့ လယ်သမားတွေက ၁ မှုတည်းသမားတွေဖြစ်ပြီး ၁ မှုကို ၁ လ ထောင်ကျခံရကြောင်း၊ ၆ မှု အ ထိရှိပြီး ၆ လအထိ ကျခံရမည့် တောင်သူများရှိကြောင်းလည်း တောင်သူလယ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
“ပြန်လွှတ်တာ ၁ မှုတည်းသမားတွေပါ။ ၆ မှုအထိ ၆ လတောင် ထောင်ကျမယ့်သူတွေ ရှိတယ်။ အယူခံတော့ တင် ထားတယ်။ ခရိုင်က ပယ်လိုက်တယ်” လို့ ဦးတင်မောင်တိုးက ပြောပါတယ်။
“ကျမတို့လယ်သမားတွေ တရွာလုံးနီးပါးအဖမ်းခံရတယ်။ ကျမတို့ ဒီမြေပေါ်မှာလုပ်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပြီ။ တခါ မှ အဲဒီလို မဖြစ်ခဲ့ဘူး” လို့ ဖမ်းဆီးခံရတဲ့ တောင်သူမမော်မော်ဦးက ပြောပါတယ်။
တောင်သူအမျိုးသမီးတွေ ထောင်ကျစဉ် အိမ်မှာကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေကို ရွာသူရွာသား တွေကပဲ ကြည့်ရှုစောင့်ရှောက်ပေးကြရတယ်လို့ မမော်မော်ဦးက ပြောပါတယ်။
“အမျိုးသမီးတွေ ၃၂ ယောက် ထောင်ကျခဲ့ပါတယ်။ အားလုံးနီးပါးက ကလေးငယ်တွေရှိကြတယ်။ မိခင်တွေ အဖမ်းခံ ရတော့ ကျမတို့အတွက် အခက်အခဲတွေ အများကြီးပါပဲ” လို့ မမော်မော်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အတွက် တောင်သူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအတွက် ထိခိုက်မှုရှိကြောင်း၊ စစ်တပ်ပိုင်နက်ကို ကျူး ကျော်တဲ့အတွက် စစ်တပ်က အာဏာရှင်ဆန်ဆန်ပြုမူတဲ့လုပ်ရပ်လို့ ရှုမြင်ကြောင်းလည်း မမော်မော်ဦးက ဆိုပါတယ်။
“ ဒါက မတရားတဲ့လုပ်ရပ်၊ အာဏာရှင်ဆန်တဲ့လုပ်ရပ်ပါ။ ကျမတို့လယ်ယာလုပ်ဖို့ ပြေစာတွေပြလည်း ဖမ်းတယ်။ အ ဖမ်းခံရတဲ့သူတွေအားလုံးက ဒီမြေမှာ စိုက်ပျိုးလာခဲ့တာကြာပါပြီ” လို့ သူက ရှင်းပြပါတယ်။
တောင်ယာလုပ်ကိုင်တဲ့ တောင်သူတွေကို မတရားနည်းနဲ့ တရားစွဲထောင်ချတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင် ရာ စီးပွားရေးပိုင်းဆိုင်ရာ အစစအရာရာ ထိခိုက်နေရသလို သားသမီးတွေအတွက် အချိန်မပေးနိုင်လို့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပညာရေးပါ ထိခိုက်လာပြီး စီးပွားရေးလည်း သေချာမလုပ်နိုင်တဲ့အကြောင်း ထောင်ကျခံခဲ့ရတဲ့ တောင်သူအမျိုးသမီးတွေက ဆိုကြပါတယ်။
“ ထောင်ထဲမှာတော့ အမျိုးသမီး အခွင့်အရေးချိုးဖောက်မှုတွေ မရှိပါဘူး။ ထောင်စည်းကမ်းတော့လိုက်နာ ရတာပေါ့။ ထောင်ထဲမှာတော့ ကျမတို့ အားခါဝတ်စုံ ၁ လကို တယောက် ၄ ထည်ချုပ်ရတယ်။ မချုပ်နိုင်ရင်တော့ အားခါဝတ်စုံ တထည်ကို ကော်ဖီအထုတ်သေး ၃၀ ထုတ်ပေးရတယ်” လို့ ထောင်ကျခံခဲ့ရသည့် အသက် ၃၅ နှစ်ကျော် ကလေး အမေတဦး က ထောင်ကျစဉ်က တွေ့ကြုံရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။
“ ကျမတို့က အဝတ်ချုပ်တဲ့သူမဟုတ်ဘူးလေ။ တောင်ယာလုပ်တဲ့သူဆိုတော့ အထည်မချုပ်နိုင်ဘူး။ မျက်စိလည်း မ ကောင်းဘူး။ ထောင်ထဲမှာ တလနေတာ ကော်ဖီအထုတ်သေး ၁၀၀ ကျော် ကုန်ခဲ့တယ်။ ငွေကုန်ခဲ့တယ်။ အလုပ် မလုပ်နိုင်၊ ကလေးတွေကိုလည်း ကောင်းကောင်းမပြုစုနိုင်ခဲ့ဘူး။ ကျမတို့ ဒီလို ထပ်မကြုံရဖို့ အထက်ကလူတွေ၊ အစိုးရအနေနဲ့ ကြည့်ပေးဖို့ လိုအပ်ပါတယ်။ တောင်သူတွေဘဝကိုလည်း စာနာဖို့ လိုပါတယ်” လို့ အသက် ၃၅ နှစ် အရွယ် ကလေးမိခင်တဦးက ဝမ်းနည်းစွာ ပြောပါတယ်။
တောင်ကြီးမြို့နယ်၊ ရေပူကျေးရွာ လယ်သမား ၇၅ ဦး ဖမ်းဆီးခံရတဲ့အပေါ် ရှမ်းပြည်အစိုးရအနေနဲ့ လာရောက် ကူညီဖြေရှင်းပေးခြင်းလည်း မရှိကြောင်း၊ လယ်သမားများ အထူးသဖြင့် တောင်သူအမျိုးသမီးများကို ဖမ်းဆီးခြင်း အပေါ် ရှုတ်ချကြောင်းနဲ့ အာဏာရှင်ဆန်သည့် စနစ်ကိုလည်း မလိုလားကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားသူများက ဆိုကြပါတယ်။
“ကျမတို့ လယ်သမားတွေကို ဖမ်းဆီးတာ ဝမ်းနည်းရုံအပြင် ဘာမှ ပြောစရာမရှိပါဘူး။ ဘာမှလည်း မပြောနိုင်ဘူး” လို့ ထောင်ချခံရတဲ့ အသက် ၅၃ နှစ် ဒေါ်တင်ရွှေက ပြောပါတယ်။ “ကျမတို့ရွာက တောင်သူအမျိုးသမီး ၃၀ ကျော် ထောင်ကျခံရတယ်ဆိုတာ တခါမှ မရှိဖူး၊ မတွေးဖူးတဲ့အဖြစ်ပါ။
လုပ်ကိုင်နေတာ နှစ် ၃၀ ကျော်ပြီ။ ဒီလိုတခါမှမဖြစ်ခဲ့ ဘူး။ ဒီလို ထပ်မဖြစ်ဖို့ပဲ ထိန်းထိန်းသိမ်းသိမ်းနေရတယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့နယ် ကျောက်နီ၊ ရေပူ၊ သရက်ပင်လှ၊ ဘုရားနီနဲ့ နောင်ကား ကျေးရွာတွေမှာရှိတဲ့ လယ်ယာမြေ ဧက ၅ ထောင်ကျော်ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ၁၉၉၄ ခုနှစ်မှာ သိမ်းဆည်းခဲ့ပါတယ်။
သိမ်းဆည်းတဲ့လယ်ယာမြေ ဧက ၅ ထောင်ကျော်မှာ တောင်သူတွေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အထိ ထွန်ယက်စိုက်ပျိုး ခွင့်ပေးခဲ့ပြီး နောက်ပိုင်းမှာ စိုက်ပျိုးခွင့် ပိတ်လိုက်ပါတယ်။
တခြား လုပ်စားစရာမရှိတဲ့ တောင်သူတွေက ထပ်မံစိုက်ပျိုးခဲ့လို့ တရားစွဲ အရေးယူလိုက်ခြင်းဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ ရေပူကျေးရွာက တောင်သူတွေအနေနဲ့ကတော့ ထိုတောင်ယာမြေတွေဟာ အရင် ဘိုးဘွားလက်ထက် ကတည်းက လုပ်ကိုင်လာတဲ့ တောင်ယာတွေ ဖြစ်တာကြောင့် တောင်ယာလုပ်ခွင့် ပြန်ရချင်တယ်လို့ ပြောပါတယ်။
ထောင်ကျပြီး ထွက်လာတဲ့ အမျိုးသမီးတွေကတော့ တောင်ယာမလုပ်ရရင် မိသားစုစီးပွားရေး၊ ကလေးပညာရေး အဖက်ဖက်က အခက်အခဲတွေ ကြုံလာနိုင်ပါတယ်လို့ ပြောဆိုနေကြပါတယ်။