အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို တပ်မတော်နှင့် ရင်ကြားစေ့ရေးကိုသာ ကြိုးပမ်းနေပြီး တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးကိုလုပ်ဆောင်ရန် လက်နှေးနေသည်ဟု ရှမ်းပြည်ညီညွှတ်ရေး ကော်မတီ (CSSU) က သတိပေးပြောဆိုလိုက်သည်။
ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) နှစ်ပတ်လည် အစည်းအဝေးကို မေလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် CSSU ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ယင်းသို့ ပြောဆိုသည်။
ဦးစိုင်းလိတ် က “အမျိုးသား ရင်ကြားစေ့ရေးကို လုပ်တဲ့နေရာမှာ ကြီးသည်၊ ငယ်သည် မခွဲခြားပဲနဲ့ တန်းတူဆက်ဆံဖို့ လိုအပ်တယ်။ နောက်တချက် က လက်ရှိအစိုးရအနေနဲ့ တပ်မတော်နဲ့ အမျိုးသား ရင်ကြားစေ့ရေးကိုသာ ကြိုးပမ်းနေတယ် တိုင်းရင်းသားတွေနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဖို့ကြတော့ လက်နှေးနေတဲ့ ပုံစံမျိုး သိပ်ပြီးတော့မှ အရေးတယူ မလုပ်တဲ့ ပုံစံမျိုး ကျနော်တွေ့ရလို့ အခုလိုမျိုး ကြေညာချက်မှာ ပထမဆုံး အနေနဲ့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
တိုင်းရင်းသား အချင်းချင်းအကြား အပြန်အလှန် လေးစားယုံကြည်မှု တည်ဆောက်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများတွင် နိုင်ငံတော် အစိုးရအနေဖြင့် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု မေလ ၅ ရက်နေ့ ညနေက ထုတ်ပြန်လိုက်သော CSSU ကြေညာချက်တွင် တွေ့ရသည်။
ပြည်ထောင်စုအတွက် အမျိုးသာရင်ကြားစေ့ရေးကို ဆွေးနွေးမည်ဆိုလျင် အဖွဲ့အစည်း၊ လူမျိုး ကြီးသည် ငယ်သည်မခွဲခြား ဆက်ဆံရန်လိုအပ်ကြောင်း ဦးစိုင်းလိတ်က ထပ်လောင်းပြောဆိုသည်။
“အပြန်အလှန် လေးစားယုံကြည်မှု မရှိဘူးလို့ သုံးသပ်တာက ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံမှာ “ဝ” အဖွဲ့ လာတက်တယ်ဗျာ။ ဒါပေမယ့် သူက တူတူတန်တန် ဆက်ဆံခြင်း မခံရတဲ့အတွက်ကြောင့် ဆန္ဒပြ၊ သပိတ်မှောက်ပြီး ပြန်သွားတဲ့ အနေအထားမျိုးကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကတော့ ဖာထေး ပြောနေလို့သာ ဒီအတိုင်း ဖြစ်လာတာကိုး။ အမှန်ကတော့ သူတို့လုံး၀ သပိတ်မှောက်ပြီး ပြန်သွားတာပဲ” ဟု ဦးစိုင်းလိတ်က ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့သော CSSU အစည်းအဝေးတွင် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်း နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အပါအဝင် ရှမ်းနိုင်ငံရေး ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၉ ဖွဲ့ မှ ကိုယ်စားလှယ် ၆၁ ဦး တက်ရောက်ခဲ့ကြသည်။
ထိုအစည်းအဝေးတွင် တိုင်းရင်းသား တန်းတူရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ရှမ်းတမျိုးသားလုံး၏ ဆန္ဒ အတိုင်း ပြည်သူလူထု တရပ်လုံးနှင့် အတူ လက်နှက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ တစုတစည်းတည်း ညီညွှတ်စွာ စုပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
ထို့အတူ ရှမ်းပြည်နယ်အတွင်းနှင့် ပြည်ထောင်စု တဝှမ်းလုံး၌ လတ်တလော ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်အား အဟန့် အတားဖြစ်စေသည့် အတွက် အပြန်အလှန်ယုံကြည်မှုနှင့် အမျိုးသား ရင်ကြားစေ့ရေး တည်ဆောက်နိုင်ရန် ပစ်ခတ် တိုက်ခိုက် နေမှုများ ရပ်တန့်ရန် လိုအပ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော SSPP အနေဖြင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုနှင့် အတူ အစိုးရထံ အဆိုပြု ထားသော အချက် ၉ ချက် ပြေလည်မှု ရရှိပါက လက်မှတ်ရေးထိုးသွားဖွယ်ရှိသည်ဟုဆိုသည်။
ဦးစိုင်းလိတ် က “SSPP အနေနဲ့ လက်မှတ် မထိုးသေးဘူးဆိုတာက သူ့ဘက်က အားနည်းချက်တွေ ရှိလို့မဟုတ်ဘူး။ အစိုးရဘက်က ကန့်သတ်ချက်တွေ များလို့၊ တနည်းအားဖြင့် UNFC ဘက်က တောင်းဆိုထားတဲ့ အချက် ၈ ချက်ပေါ့နော်၊ အဲဒီ ၈ ချက်ကို အစိုးရဘက်က လိုက်လျောလိုက်မယ်ဆိုရင် သူကလည်း လက်မှတ်ထိုးပြီးသားဖြစ်သွားမယ်။ NCA လမ်းကြောင်းကို သွားပါမယ်လို့ သူတို့ကိုယ်တိုင်လည်း ကြေညာထားပြီးပါပြီ။ အဲဒီအတိုင်းဖြစ်အောင်လည်း ကျနော်တို့ အချင်းချင်းကြားထဲမှာ ညှိနှိုင်းမှုတွေရှိနေပါတယ်” ဟု ပြောသည်။
CSSU အစည်းအဝေး၌ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စု တဝှမ်းလုံးတွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးပြဿနာသည် လူထုကို အညွှန့်တုံးစေပြီး ပြည်သူ့ကျန်းမာရေးနှင့် အမျိုးသားလုံခြုံရေးတို့ကို ထိုခိုက်စေသည့်အပြင် ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုလည်း အဟန့်အတား ဖြစ်စေသည့် အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူလူထု တရပ်လုံး၊ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟုသိရသည်။
ထို့အတူ ရှမ်းအမျိုးသားရေးလုပ်ငန်းများကို ဦးဆောင်နေသည့် အဖွဲ့အစည်းများ အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်းလူမျိုး) ကို ကျင်းပနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ယခုနှစ် မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ မတိုင်မီ ရှမ်းပြည်နယ်၏ မြို့တော်တောင်ကြီးမြို့ တွင် ကျင်းပနိုင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။