သတင်း

UNFC တပ်ပေါင်းစုမှ နှုတ်ထွက်ရန် KIO စာတင်

Want create site? Find Free WordPress Themes and plugins.

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် စာတင်ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

UNFC စတင်ဖွဲ့စည်းခဲ့စဉ်ကတည်းက ဦးဆောင်သူလည်းဖြစ်သလို လက်ရှိ တပ်ပေါင်းစု၏ ဥက္ကဋ္ဌ တာဝန်ကို ယူထားသူလည်း ဖြစ်သော KIO အနေဖြင့် UNFC ထံသို့ ဧပြီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် နှုတ်ထွက်စာပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း UNFC သတင်း ရင်းမြစ်များ ထံမှ သိရသည်။

UNFC တပ်ပေါင်းစု အဖွ့ဲဝင် အဖွဲ့အစည်း ခေါင်းဆောင်တဦးက “KIO နှုတ်ထွက်စာ ရောက်လာတယ်ဆိုတဲ့ သတင်းတော့ ကြားပါတယ်။ စာရွက်ကိုတော့ ကျနော်ကိုယ်တိုင်မတွေ့ရသေးဘူး။ ဟုတ်ခဲ့ရင်လည်း လောလောဆယ် မွန်ပြည်သစ်နဲ့ ကရင်နီက သူတို့ အစည်းအဝေးတွေ လုပ်နေကြလို့ ဒီကိစ္စကို ဆွေးနွေးဖြစ်မှာ မဟုတ်သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန်အတွက် ဧရာဝတီ အနေဖြင့် UNFC နှင့် KIO တို့မှ ပြောခွင့်ရပုဂ္ဂိုလ်များထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုများ ပြတ်တောက်နေသဖြင့် အတည်ပြုချက် မရရှိခဲ့ပါ။

သို့သော်လည်း KIO အနေဖြင့် UNFC ဥက္ကဋ္ဌ အဖြစ်မှ နှုတ်ထွက်ရန် စဉ်းစားနေကြောင်း KIO ထိပ်ပိုင်း ခေါင်းဆောင် တဦးက မကြာခင်လပိုင်းက ပြောဆိုခဲ့ဖူးသည်။

UNFC အဖွဲ့ဝင်များ ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ၅ ဖွဲ့ အနေဖြင့် NCA လက်မှတ် ရေးထိုးပြီး နေပြည်တော်တွင် မေလ ၂၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးကို တက်ရောက်ဖွယ်ရှိကြောင်း တိုင်းရင်းသား အရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

KIO အနေဖြင့် “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်းတွင် ဧပြီလလယ်ပိုင်းက ပြုလုပ်ခဲ့သော တရုတ် – မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးကို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နှင့် အတူ တက်ရောက် ခဲ့သည်။

အဆိုပါအစည်းအဝေး အပြီးတွင် “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီ” ဖွဲ့စည်းလိုက်ပြီး အစိုးရက ဆောင်ရွက်နေသော NCA လမ်းကြောင်း၏ ပြင်ပက ဆွေးနွေးရန် သဘောတူခဲ့ကြသည်။ ပန်းဆန်း က ဖွဲ့စည်းလိုက်သော ကော်မတီတွင် UNFC အဖွဲ့ဝင်များ ဖြစ်ကြသော KIO နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တို့ ပါဝင်နေသည်ကို တွေ့ရသည်။

ထိုအစည်းအဝေးကို အတူ တက်ရောက်ခဲ့သော SSPP က KIO အနေဖြင့် UNFC တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့အစည်း တရပ် အဖြစ် ဆက်လက် ရှိနေရန် ၎င်းတို့ အနေဖြင့် အာမခံချက် မပေးနိုင်သော်လည်း ၎င်းတို့ SSPP အဖွဲ့အစည်း အနေဖြင့် UNFC တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ခေါင်းဆောင် တဦးက ပြောသည်။

KIO နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ၂၁ ရာစုပင်လုံ မကျင်းပမီ သီးခြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အတွက် နှစ်ဘက် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) က ပြောသည်။

KIO အား UNFC မှ နှုတ်ထွက်ခွင့် ပြုလိုက်ပါက UNFC တွင် KNPP၊ NMSP၊ SSPP၊ WNO၊ LDU နှင့် ANC တို့သာ ကျန်တော့မည် ဖြစ်သည်။

UNFC တပ်ပေါင်းစု ကို ထိုင်းနိုင်ငံတွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး ၎င်းတို့၏ နိုင်ငံရေး ဦးတည်ချက် ပန်းတိုင်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပြီး ၎င်းတို့၏ မဟာဗျူဟာ တော်လှန်ရေးလမ်းစဉ်သည် နိုင်ငံရေးနှင့်စစ်ရေးကို ဟန်ချက်ညီညီ ကျင့်သုံးသွားရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးအတွက် အစဉ်အမြဲ တံခါးဖွင့်ထားခြင်းတို့ ဖြစ်သည်။

ရည်ရွယ်ချက်များထဲတွင် စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊ အဓွန့်ရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်၊ စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရန်၊ တိုင်းရင်းသား လူမျိုးများ အားလုံး ထာဝစဉ်ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ပူးပေါင်း နေထိုင်သွားနိုင်ရန်အတွက် လွတ်လပ်မှု၊ တရားမှျှတမှုနှင့် တန်းတူမှုရှိသော ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရန်တို့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading