သတင်း

UNFC ထံ တင်မည့် WNO ၏ “နုတ်ထွက်စာ” အပြင်သို့ ပေါက်ကြား

တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစုမှ နုတ်ထွက်ခွင့်ပြုရန် ပြင်ဆင်ထားသည့် ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO/WNA) အဖွဲ့၏ နုတ်ထွက်စာသည် UNFC သို့ မတင်ပြမီ ပေါက်ကြား သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုစာထဲတွင် “UNFC အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်း” ဟု ပါရှိပြီး ရက်စွဲသတ်မှတ်ရန် ကွက်လပ်ချန်ထားသော အဆိုပါ “နုတ်ထွက်စာ” တွင် မေလ၊ ၂၀၁၇ ဟု ပါရှိကာ မကြာမီရက်ပိုင်း၌ UNFC တပ်ပေါင်းစု ဗဟိုသို့ တင်ပြရန် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

WNO/WNA ၏ တွဲဖက် အတွင်းရေးမှူး ၁ ဗိုလ်မှူး တာ့ညီလူ က “အဲဒါက အကြမ်းပဲ ရှိသေးတာဗျ။ တကယ့် အချောက ကျနော်တို့အကြား အစည်းအဝေး ထိုင်ပြီးမှ ထွက်လာမှာပါ။ ဘယ်လို ပေါက်ကြားသွားသလဲတော့ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့ ညီလာခံပြီးရင်တော့ UNFC ကို နုတ်ထွက်စာ တင်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

WNO/WNA သည် ယခင် ထိုင်း- မြန်မာ နယ်စပ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က ကမကထ ပြုခဲ့သော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (DAB) တွင် ပါဝင်ခဲ့သလို ၂၀၁၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သော UNFC တပ်ပေါင်းစုတွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက် ပူးပေါင်းခဲ့သူ ဖြစ်သည်။

UNFC မှ နုတ်ထွက်ရန် ပြင်နေသော WNO/WNA ၏ အကြောင်းပြချက်တွင် လက်ရှိ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော နိုင်ငံရေး၊ စစ်ရေး၊ အပြောင်းအလဲများကြောင့် မဟာမိတ်အဖွဲ့အစည်းများနှင့် အတူ ယခင်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်သွားရန် အကျပ်အတည်း ဖြစ်လာရသည် ဟု ဖော်ပြထားသည်။

နုတ်ထွက်စာထဲတွင် “လက်ရှိ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများကြောင့် UNFC အဖွဲ့ဝင် အဖွဲ့အစည်းမှ ဆက်လက်ပါဝင်ရန် အခက်အခဲ ရှိလာသဖြင့် UNFC အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်မှ နုတ်ထွက်ခွင့် ပြုပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်” ဟု ပါရှိသည်။

ထို့အတူ ‘ဝ’ ပြည်သူလူထုနှင့် ‘ဝ’ အဖွဲ့အစည်းတို့မှာလည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ တဖွဲ့တည်းမက ကွဲပြားစွာ ရှိနေခြင်း အစား တဖွဲ့တည်းအဖြစ် စုစည်းကြရန် တင်ပြ တောင်းဆိုမှုကြောင့် WNO/WNA အနေဖြင့် တဖွဲ့တည်းအဖြစ် ပူးပေါင်း စုစည်းသွားရန် ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။

ထိုအဖွဲ့အစည်း အမည်နာမကို WNO/WNA က တိတိကျကျ ထုတ်ဖော် ဖော်ပြထားခြင်း မရှိသော်လည်း ယင်းအဖွဲ့ အစည်းမှာ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဖြစ်ကြောင်း နီးစပ်သူများထံမှ သိရပြီး အစိုးရနှင့် NCA လက်မှတ်ထိုးရန် အလားအလာ ရှိနေ သည့် WNO/WNA ကို ၎င်းတို့အောက်တွင် လာရောက် ပူးပေါင်းရန် ဖိအားပေးမှုကြောင့် ယခုကဲ့သို့ ဖြစ်သွားရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ UNFC တပ်ပေါင်းစုဝင် အဖွဲ့အစည်းတခုဖြစ်သော လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) ကိုလည်း အစိုးရနှင့် NCA လမ်း ကြောင်းအတိုင်း မသွားဘဲ ၎င်းတို့လက်အောက်တွင် ပူးပေါင်းရန် UWSA က ဖိအားပေးမှုများ ရှိနေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် သတင်းရင်းမြစ် အချို့က ဆိုသည်။

WNO/WNA နှင့် LDU တို့သည် မြန်မာ- ထိုင်း နယ်စပ်တွင် အခြေစိုက်ကြပြီး UWSA တောင်ပိုင်းနှင့် စစ်မြေပြင် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် ငြင်းဆန်ရန် အတွက် ဘေးကျပ်နံကျပ် အနေအထားများနှင့် ရင်ဆိုင်နေရဖွယ် ရှိသည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့်ပေါင်းခဲ့သော UWSP/UWSA ကို ‘ဝ’ နီ ဟု ခေါ်ဆိုပြီး ဗကပ နှင့် မပေါင်းခဲ့သော WNO/WNA အဖွဲ့ကို ‘ဝ’ ဖြူ ဟု ခေါ်ဆိုကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ လက်ရှိအချိန်ကျမှ ရုတ်တရက် ပြန်ပေါင်းရန် ဖြစ်လာကြောင်း ဖက်ဒရယ်နှင့် တိုင်းရင်းသား ရေးရာ သုတေသီ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုး က “သူတို့ ပေါင်းစည်းဖို့ လုပ်ခဲ့တာတော့ ကြာပါပြီ။ အခုကျတော့ ဒီအခြေအနေတွေ ဖြစ်လာတဲ့ အခါမှာတော့ သူတို့ အချင်းချင်း ပြန်ပေါင်းဖို့ ကြိုးစားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) အပါအဝင် UNFC အဖွဲ့ဝင်များ ဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည် အစိုးရနှင့် တနိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ထိုးမည်ဟု သတင်းထွက်နေသည့် အချိန်ဖြစ်သည်။

UNFC ကို ဦးဆောင်ခဲ့သော ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) က တပ်ပေါင်းစုမှ နုတ်ထွက်ခွင့်ပြုရန် ဧပြီလ ၂၉ ရက်နေ့ ရက်စွဲဖြင့် စာပို့ ထားပြီးနောက် WNO/WNA သည် ဒုတိယမြောက် နုတ်ထွက်စာ တင်သည့် အဖွဲ့ဖြစ်သည်။

WNO/WNA အဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် တာ့မဟာစန်းနှင့် တာ့အိုက်ရှောက်စွေတို့က စတင် တည်ထောင်ခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်နှင့် ရှမ်း-ကယား နယ်စပ်တို့တွင် အခြေစိုက်ထားသည့် အဖွဲ့ဖြစ်သည်။

Loading