မိခင်ဘာသာစကား၊ နိုင်ငံသုံးဘာသာစကားနှင့် နိုင်ငံတကာဘာသာစကား စသည့် ဘာသာစကားသုံးမျိုး အခြေပြုသည့် (Tri Lauguage System) ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် တိုက်တွန်းအကြံပြုသော်လည်း အစိုးရက လက်မခံသေးကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် – NNER က ပြောသည်။
NNER ဥက္ကဌ ဒေါက်တာသိန်းလွင်က “ ကျနော်တို့ အကြံပေးချက် တင်လာတာ ၄ နှစ်ရှိပြီ။ အခုထိ ကျနော်တို့ရဲ့ အကြံပေးချက်တွေကို မယူသေးဘူး။ အမျိုးသား ပညာရေး ဥပဒေရော ပြင်ဆင်တဲ့ ဥပဒေမှာရော ကျနော်တို့ရဲ့အကြံပေးချက်တွေ မပါသေးဘူး။ ဗဟိုချုပ်ကိုင်မှု လျော့ချပြီး ဒေသအလိုက် လွတ်လပ်ခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပညာရေးကို အစိုးရက မလုပ်သေးဘူး” ဟု ပြောသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၄ ရက်မှ မေလ ၆ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့သည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် – NNER ၏ စတုတ္ထ ၆ လပတ်အစည်းအဝေးနှင့် တတိယအကြိမ် ညီလာခံအပြီးတွင် ဒေါက်တာသိန်းလွင်က မီဒီယာများကို ပြောဆိုခြင်းဖြစ်သည်။
လက်ရှိအစိုးရက ကျင့်သုံးနေသည့် ပညာရေးမူဝါဒနှင့် အမျိုးသားပညာရေး ဥပဒေကြမ်းတို့တွင် မြန်မာ့ပညာရေး စနစ်မှ ဖက်ဒရယ် ပညာရေးစနစ်သို့ ဖော်ဆောင်နိုင်ရန် အခက်အခဲများ ရှိနေသည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် မိခင်ဘာသာစကား အခြေပြုသည့် ပညာရေးစနစ်၊ သင်ရိုးညွှန်းတန်းများ လွတ်လပ်ခွင့်ရှိစေရန်နှင့် ဒေသခံများကိုယ်တိုင် ရေးဆွဲနိုင်သည့် ဒေသနှင့်ကိုက်ညီသော သင်ရိုးညွှန်းတန်းများ ဖော်ဆောင်ရေးတွင်လည်း အစိုးရက လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း ဒေါက်တာသိန်းလွင်က ဆက်ပြောသည်။
မိခင်ဘာသာစကား အခြေပြု မဟုတ်သည့် သင်ရိုးညွှန်းတန်းများ အသုံးပြုသင်ကြားနေရမှုနှင့် ပတ်သက်ပြီး ထိုညီလာခံသို့ ကယားပြည်နယ်မှ တက်ရောက်လာသည့် နည်းပညာ အထောက်အကူပြုအဖွဲ့မှ ကိုကျော်ထင်အောင်က “မိခင်ဘာသာစကား အခြေခံပြီး နားလည်လွယ်အောင် သင်ကြားဖို့ဆိုရင် ဒေသက ဆရာ/ဆရာမတွေက အခရာ ကျတယ်။ ကိုယ့်ဒေသနဲ့ လိုက်လျောညီထွေတဲ့ သင်ရိုးညွှန်းတန်းကို သင်ကြားလိုတယ်။ ကျောင်းချိန်ပြင်ပ သင်ကြားခွင့်ပြုတယ် ဆိုပေမယ့် သူတို့သတ်မှတ်ထားတာကို တိုင်းရင်းသားဘာသာ ပြန်ရတယ်။ ဥပမာ – ကကညစ် ပေမှာခြစ်ကို ကျနော်တို့ဆီက ကလေးက ဘယ်နားလည်မှာလဲ” ဟု ပြောသည်။
ယခုအစည်းအဝေး၌ ဖက်ဒရယ် ပညာရေးစနစ် ဖော်ဆောင်ရန် မူဝါဒအားဖြင့် အခက်အခဲ ရှိနေသော်လည်း ဖက်ဒရယ် ပညာရေးစနစ် ပေါ်ပေါက်လာရေးကို တွန်းအားပေးသည့် လုပ်ငန်းများ မြှင့်တင်လုပ်ဆောင်သွားရန် ဆုံးဖြတ်ချမှတ်ခဲ့ကြောင်း ဒေါက်တာသိန်းလွင်က ဆိုသည်။
ထိုအစည်းအဝေးသို့ ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ NNER ကွန်ရက်ဝင် ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ NNER တတိယအကြိမ် ညီလာခံ၌ NNER ၏ ပညာရေးမူဝါဒ၌ ဖက်ဒရယ်ကို ဦးတည်သည့် လူသားဖွံ့ဖြိုးရေးကို ဦးတည်သည့် နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးရေးကို ဦးတည်သည့် ပညာရေးစနစ် ဖြစ်လာစေမည့် မူဝါဒသုံးရပ် ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ကြောင်း ဒေါက်တာသိန်းလွင်က ပြောသည်။ ထို့အပြင် ပညာရေးအဖွဲ့အစည်း မဟုတ်သည့် အခြားလူမှုရေးအဖွဲ့အစည်းများကို NNER ၏ မဟာမိတ်အဖွဲ့အဖြစ် စုဖွဲ့နိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
NNER ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လူထုအခြေပြု ပညာရေးအဖွဲ့အစည်းပေါင်း ၆၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် ညီလာခံကို ၂၀၁၃ ခုနှစ် ဇွန်လတွင်လည်းကောင်း ၊ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၅ ခုနှစ် ဇွန်လတွင်လည်းကောင်း ကျင်းပခဲ့သည်။