တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက် ပန်းခြံအရှေ့တွင် မေလ ၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် YBS ယာဉ်လိုင်းအမှတ် ၇ မှ အသက် ၁၃ နှစ် အရွယ် ယာဉ်နောက်လိုက်အကူ ပြုတ်ကျမှုတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ပါများ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။
အမှတ် ၆ နယ်မြေ ယာဉ်ထိန်းရဲစခန်းမှ ရဲအုပ်နေလင်းထွန်းက “တရားခံက ဖြစ်ကတည်းကကို ပြေးတာ၊ အခုအချိန်အထိ (မေလ ၈ ရက်) မမိသေးဘူး။ ကားလည်း သိမ်းပြီးသားဆိုတော့ ကျန်တဲ့စစ်ဆေးတာတွေ အကုန်လုံးပြီးပြီ။ လောလောဆယ် တရားခံ ဖမ်းဆီးရမိဖို့ လုပ်နေရတယ်” ဟု ဧရာဝတီကို ပြောသည်။
အခင်းဖြစ်ပွားခဲ့သည့် YBS ယာဉ်လိုင်းအမှတ် ၇ ကားနံပါတ် 3K – 3053 ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ပုဒ်မ -၃၃၈၊၂၇၉၊ ၂၀၂ တို့ဖြင့် တောင်ဒဂုံရဲစခန်းတွင် အမှုဖွင့်ထားကြောင်းနှင့် ယနေ့မနက်ပိုင်းတွင် ယာဉ်လိုင်းတာဝန်ခံ၊ ယာဉ်ပိုင်ရှင်များနှင့် ဆက်သွယ်ပြီး ယာဉ်မောင်းရှိသည့် နေရာများကို စုံစမ်းနေကြောင်း ၎င်းက ဆက်ပြောသည်။
တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ အခင်းဖြစ်ချိန်တွင် ခရီးသည် အမျိုးသမီးတဦး၏ ဖုန်းဆက်အကြောင်းကြားမှုကြောင့် အခင်းဖြစ်ရာသို့ ချက်ချင်းသွားရောက်ချိန်တွင် ကားပေါ်မှ ကတ္တရာလမ်းပေါ်သို့ ပြုတ်ကျနေသည့် ယာဉ်နောက်လိုက်ကလေး၏ ဦးခေါင်းမှထွက်နေသော သွေးစီးကြောင်းမှာ ခဲနေပြီး ကားပေါ်တွင် ခရီးသည်တဦးတယောက်မှ မရှိတော့ဘဲ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များလည်း ထွက်ပြေးသွားကြောင်း ပြောသည်။
YBS ယာဉ်လိုင်း ၇ ပေါ်မှ ပြုတ်ကျခဲ့သည့် ယာဉ်နောက်လိုက်ကလေးသည် ဦးခေါင်း ထိခိုက်ဒဏ်ရာ၊ ပါးရိုးကျိုး၊ လျှာတွင် သွားများစိုက်ဝင်သည့် ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဦးညီညီက “ယနေ့အချိန်အထိ ယာဉ်ပိုင်ရှင်တွေအနေနဲ့ မိသားစုဝင်တွေကို တွေ့ဆုံဆွေးနွေးမှု မရှိဘူးဆိုတာ သိရတယ်။ နယ်မြေ ၆ ယာဉ်ထိန်းရဲရုံးကို လှမ်းဆက်တဲ့အခါမှာလည်း ယာဉ်ထိန်းရဲရုံးက အမှုဖွင့်ထားတယ်ဆိုတာလောက်ပဲ သိရတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ပြင်းပြင်းထန်ထန် အရေးယူပေးရန်အတွက် တာဝန်ရှိသူများကို မေတ္တာရပ်ခံထားကြောင်းနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များ တရားမဝင် ယာဉ်နောက်လိုက် လုပ်နေခြင်းကို တာဝန်ရှိသူများက သေချာစိစစ်ရန် တောင်းဆိုမည်ဖြစ်ကြောင်း ဦးညီညီက ဆိုသည်။