၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည့် ပြည်ခရိုင်၊ သဲကုန်း မြို့နယ် အင်းမဈေးကို ဈေးသစ်အဖြစ် ပြန်လည်တည်ဆောက်ရာ၌ ရောင်းချပေးမည့် ဆိုင်ခန်းများဈေးနှုန်းမှာ မြင့်မားလွန်းနေသဖြင့် ဈေးသူဈေးသားများက ကန့်ကွက်နေကြောင်း သိရသည်။
အင်းမဈေး မီးလောင်ဆိုင်ခန်း ၉၄ ခန်းမှ ဈေးသည်များကိုယ်စား ဒေါ်ယမင်းသိန်းက “သူတို့သတ်မှတ်တဲ့ ဈေးနှုန်းက ၂၆ သိန်းဆိုတာ ဈေးသားအများစုက ဘယ်လိုမှ မတတ်နိုင်ဘူး။ မတတ်နိုင်လို့ ကော်မတီကိုလည်း သွားတွေ့တယ်။ အရင်က မီးလောင်ခဲ့တဲ့ ဆိုင်းခန်းနေရာမျိုးမှာပဲ တတ်နိုင်တဲ့ ဈေးလေးနဲ့ ပြန်လိုချင်ပါတယ်။ မတတ်နိုင်တဲ့ ဈေးသည်အတွက် ထည့်သွင်းစဉ်းစားပေးပါ” ဟု ပြောသည်။
အင်မဈေး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၉၀ ကျော် မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့သည်။ ဈေးအတွင်းရှိ ကျန်ရှိနေသည့် ဆိုင်ခန်းပေါင်း ၂၀၀ ကျော်ကို ယာယီဈေးသစ် ခေတ္တဖွင့်လှစ်ပေးခဲ့သည့်အပြင် လမ်းမတန်းဈေးမျက်နှာစာရှိ ဆိုင်ခန်း ၄၀ ကျော် ပျက်ဆီးဆုံးရှုံးမှု မရှိသည့်အတွက် ဆက်လက်ရောင်းချစေခြင်း ဖြစ်သည်။ ဈေးသစ် ပြန်လည်တည်ဆောက်မည့် အချိန်၌ အဆိုပါဆိုင်ခန်း ၄၀ ကိုပါဖျက်၍ တည်ဆောက်သွားမည့်အပေါ် ယင်းဆိုင်ခန်းပိုင်ရှင်များကပါ ကန့်ကွက်လာခြင်း ဖြစ်သည်။
ပြန်လည်ဆောက်လုပ်မည့် အင်းမဈေးသစ် ဆိုင်ခန်းများ၏ တန်ဖိုးများမှာ ၈ ပေ ပတ်လည်ဆိုင်ခန်း တခန်းလျှင် ကျပ် ၂၆ သိန်း၊ ၂၃ သိန်း၊ ၁၇ သိန်းဖြင့်လည်းကောင်း၊ ၆ ပေ ၅ ပေခွဲ အကျယ်ရှိ ပျံကျဈေးဆိုင်ခန်းတခန်းလျှင် ကျပ် ၃ သိန်းဖြင့်လည်းကောင်း အသီးသီးသတ်မှတ်ထားရာတွင် ဈေးနှုန်းမြင့်မားနေသောကြောင့် ဈေးသူဈေးသားများက မေလ ၆ ရက်တွင် မီဒီယာများကို ဖိတ်ခေါ်၍ ရှင်းလင်းပြောဆိုခဲ့သည်။
အင်းမဈေးသစ် တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းက “ဈေးလျော့ပေါ့ရေးပြောတဲ့အခါ ပျံကျဈေးသည်တွေ အတွက်ရော၊ ဆိုင်ခန်းမီးလောင်သူတွေကပါ ဈေးမတတ်နိုင်ဘူးလို့ ပြောကြတော့ သတ်မှတ်ထားတဲ့ ဈေးကို မယူနိုင်ရင် ထွက်သွားဗျာလို့ ဈေးစည်ပင်က ပြောတယ်။ အုပ်ချုပ်ရေးမှူးရှေ့မှာကို ပြောတာပါ။ ကျနော်ကိုလည်း ပယ်ထုတ်နေတယ်” ဟု ပြောသည်။
အလားတူ သဲကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇော်လင်းထိုက်က “ အင်းမမြို့နဲ့ လိုက်လျောညီထွေဖြစ်မယ့် ဈေးတဈေး အမြန်ဆုံးဆောက်လုပ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ဆိုင်ခန်းတခန်းရဲ့ ကျသင့်တဲ့ ဈေးနှုန်းကိုသာ တောင်းခံဖို့နဲ့ ဈေးအတွင်း တည်ဆောက်မယ့် လမ်း၊ ရေမြောင်း၊ ဈေးအတွက် အထောက်အပံ့ဖြစ်စေမယ့် အဆောက်အအုံတွေရဲ့ ကုန်ကျစရိတ် ပေါင်းစပ်ခြင်း မပြုပါနဲ့ဆိုတာကို ဆွေးနွေးခဲ့တုန်းက အားလုံးလက်ခံတယ်။ အခုတော့ အဲဒီကိစ္စကို ဖြေရှင်းဖို့ စည်ပင်ဝန်ကြီးကို ရက်ချိန်းတောင်းထားတယ်” ဟု ဆိုသည်။
အင်းမဈေးသစ်ကို ဈေးသူဈေးသားများ၏ သဘောတူညီချက် မပါဝင်ဘဲ ဆောက်လုပ်မည်ဆိုပါက နိုင်ငံသားများ၏ အခွင့်အရေးအရ ကာကွယ်သွားမည်ဖြစ်ကြောင်းနှင့် ဈေးဆိုင်ခန်းသစ်များ ဈေးနှုန်းမြင့်မားနေမှုကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနအနေဖြင့် လာရောက်ညှိနှိုင်း ဆွေးနွေးပေးရန် တောင်းဆိုသွားမည်ဟု ဈေးသူဈေးသားများက ပြောသည်။