ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဟောင်းက လက်ရှိ အစိုးရသစ်ထံ ပေးရမည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများမှာ ကျန်းမာဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းထံသို့ လှူဒါန်းလိုက်ခြင်း ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင်ဟောင်း ဖြစ်သူ ဦးဝင်းကိုကို က ထုတ်ဖော်ပြောဆိုသည်။
ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် တိုင်းအစိုးရဟောင်းအနေဖြင့် လက်ရှိ ဧရာဝတီတိုင်း အစိုးရသစ်ထံသို့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅ ဘီလီယံမှ ၇ ဘီလီယံအထိ လွဲှပြောင်းပေးရန်ကျန်ရှိနေကြောင်း ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြည်တွင်းမီဒီယာ အချို့ကို ထုတ်ဖော်ပြောဆိုခဲ့ရာ အဆိုပါငွေကြေးများကို ဖောင်ဒေးရှင်းဆီသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
“တိုင်းဒေသကြီးအစိုးရ လက်ထက်မှာ တိုင်းဒေသကြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအနေနဲ့ လုပ်ခဲ့တယ်။ ကျနော်တို့ အနားယူတဲ့အချိန်မှာ သင့်တင့်တဲ့ငွေပမာဏကို ကျန်းမာပညာဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းကို လှူပေးခဲ့တာပါ” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းတွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးဝင်းကိုကိုက ဧရာဝတီကို ပြောသည်။
ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများ လှူဒါန်းခဲ့သည်ဟု ဆိုသည့် ဖောင်ဒေးရှင်းသည် ၂၀၁၅ နိုဝင်ဘာလ တွင် ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် USDP ပါတီမှ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ် ဦးသိန်းအောင်၏ တိုင်းအစိုးရ အဖွဲ့က တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ဖောင်ဒေးရှင်းကို ဖျက်သိမ်း၍ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းအဖြစ် အသစ် ပြန်လည်ဖွဲ့စည်းကာ ယခင်ဖောင်ဒေးရှင်း အဟောင်းမှ ငွေများကို ဖောင်ဒေးရှင်းအသစ်ထံသို့ လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
သို့သော် ငွေကြေးပမာဏမှာ ဧရာဝတီတိုင်း အစိုးရအဖွဲ့သစ်ပြောသည့် ၇ ဘီလီယံ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး
လှူဒါန်းခဲ့သည့် ငွေကြေးကိစ္စများကို ကျန်းမာပညာဖောင်ဒေးရှင်းအနေဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ချပြရှင်းလင်းသွားမည်ဟု ဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ဆိုသည်။
“သူတို့ပြောနေတဲ့ ၇ ဘီလီယံဆိုတာတော့ မဟုတ်ပါဘူး။ ငွေပမာဏ အဲဒီလောက် မရှိပါဘူး။ စာရင်းတွေ အကုန်လုပ်ခိုင်းထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း ဧရာဝတီ ကျန်းမာပညာ ဖောင်ဒေးရှင်းအနေနဲ့လည်း သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်သွားမှာပါ” ဟု သူက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရဟောင်းအနေဖြင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို လက်ရှိအစိုးရသစ်သို့ လွဲှပြောင်း ပေးခဲ့ခြင်း ရှိ၊ မရှိ ကိစ္စအား ဖျာပုံမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာ မင်းသိန်းက ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ကြယ်ပွင့်ပြမေးခွန်း အဖြစ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မေးမြန်းမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းအစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက တိုင်းအစိုးဟောင်း အနေဖြင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ လွဲှပေးခြင်းမရှိကြောင်း၊ ယင်းကိစ္စကို တိုင်းဒေသကြီး စာရင်းစစ်ချုပ်အား တာဝန်ပေး၍ စုံစမ်းစစ်ဆေးရန် တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း လွှတ်တော်၌ ဖြေကြားခဲ့သည်။
မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေသည်လည်း ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမှုတွင် ပျောက်ဆုံးရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံတွင် ကြံ့ခိုင်ရေးပါတီသို့ ကျပ် ၁ ဒသမ ၇ ဘီလီယံနှင့် ရွှေသုခ ငွေချေးလုပ်ငန်းသို့ ကျပ် ၁ ဒသမ ၅၇ ဘီလီယံ လွှဲပေးခဲ့ကြောင်းနှင့် ဖွံ့ဖြိုးရေး အတွက် ကျပ် ၄ ဒသမ ၁၈ ဘီလီယံကို သုံးစွဲခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ရာ လက်ရှိ အစိုးရအဖွဲ့သို့ ပြန်လည် ပေးအပ်ခဲ့သည်။ သို့ဖြစ်ရာ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်သည်လည်း လက်ရှိ ပြန်လည်ပေးအပ်ရန် ကျန်ရှိနေသည်ဟု ဆိုသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကိစ္စကို မည်ကဲ့သို့ ဖြေရှင်းမည်ဆိုသည့်အပေါ် မသေချာသေးပါ။
“လွှတ်တော်မှာ မေးမြန်းလာချက်အရ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ် နေပါတယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ပေါ်ပေါက်လာပြီးနောက်ပိုင်းကိုတော့ နောက်တဆင့် ထပ်ပြီး စဉ်းစားမှာပါ။ နောက်တဆင့် ဘာဆက်လုပ်မလဲဆိုတာတော့ မပြောနိုင်သေးပါဘူး” ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့သစ်၏ လမ်းပန်းဆက်သွယ်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်၏ အစိုးရဟောင်း လက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနာမည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအား တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရံပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာ ဂီတဖျော်ဖြေပွဲများပြုလုပ်၍ ရံပုံငွေရှာဖွေခြင်းများ ဆောင်ရွက်ခဲ့သည်။
အသစ်ဖွဲ့စည်းခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာ၊ ပညာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းတွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်းများက နာယကများအဖြစ် ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇွန်လက ဖွင့်လှစ်ခဲ့သည့် ဖောင်ဒေးရှင်းဖွင့်ပွဲကိုလည်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။