မေလ ၇ ရက် ညနေပိုင်းက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၅၀၀ ကျော် ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုနှင့် ပတ်သက်ပြီး မကွေးတိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က “၇ ရက်ညနေပိုင်း တိုက်ခတ်သွားတဲ့ လေပြင်းကြောင့် ပခုက္ကူမြို့နယ်မှာ အဓိက ကတော့ ကံမတဝိုက်မှာ ထိခိုက်မှု ပိုများတယ်။ ဖြစ်သွားတဲ့ဒေသအားလုံး ခြုံပြောမယ်ဆိုရင် ကျေးရွာအုပ်စုက ၁၈ အုပ်စု၊ ကျေးရွာပေါင်း ၇၀ လောက်မှာ ဖြစ်သွားတယ်”ဟု ဧရာဝတီကို ပြောသည်။
လေပြင်းသည် တနာရီလျှင် ၂၅ မိုင်ဝန်းကျင် တိုက်ခတ်ခဲ့ပြီး၊ ညနေ ၅ နာရီမှ ည ၇ နာရီကျော်အထိ တိုက်ခတ်သွားခြင်း ဖြစ်ကြောင်းနှင့် ကောက်ယူထားသည့် စာရင်းများအရ လေပြင်းကြောင့် အိမ် ၁၈၇ လုံး ပြိုကျသွားပြီး၊ အိမ် ၁၄၁၀ လုံးမှာ အမိုးအကာများ ပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။ ထို့အပြင် ပခုက္ကူမြို့နယ် အတွင်းရှိ စေတီ ၄ ဆူ၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ ဇရပ် ၁၅ ဆောင်၊ အစိုးရ စာသင်ကျောင်း ၁၇ ကျောင်း ပျက်စီးသွားသည်ဟု ဦးနေမျိုးကျော်က ဆက်ပြောသည် ။
“လုံးဝပြိုပျက်သွားတဲ့ အိမ် ၁၈၇လုံးကို တအိမ်ထောင်ကို တသိန်းနှုန်းနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဌာနက သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ပေးပါတယ်။ အမိုးပါသွားတဲ့အိမ်တွေကို တအိမ်ထောင်ကို နှစ်သောင်းကျပ်နှုန်းနဲ့ ကူညီထားပါပြီ” ဟု ၎င်းက ဆိုသည်။
ပခုက္ကူမြို့နယ်အတွင်း ကယ်ဆယ်ရေးများ လိုက်လံဆောင်ရွက်နေသည့် မကွေးတိုင်းဒေသကြီး အမှတ် (၁) မဲဆန္ဒနယ် အမတ်ဦးဟန်ဇော်ဝင်းက ပြိုကျပျက်စီးသွားသည့် အိမ် ၁,၅၀၀ ကျော်တွင် နေထိုင်သည့်လူဦးရေ ၇၅၀၀နှင့် ၈၀၀၀ အကြားရှိပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း ပြောသည်။
ဦးဟန်ဝင်းဇော်က“ကျနော်တို့ မနေ့က လူကယ်ပြန်ရဲ့ထောက်ပံ့မှု လိုက်ပေးတာ တမိသားစုကို စောင်၊ ခြင်ထောင်၊ အဝတ်အထည် လူသုံးကုန် ၉ မျိုးပါတဲ့ ပစ္စည်းတွေရယ်၊ နောက်ပြီး တဦးကို ၇ ရက်စာဆန်ဖိုး ၂၁၀၀ နှုန်း ထောက်ပံ့ပါတယ်” ဟု ပြောသည်။
ပြိုကျသွားသည့်အိမ်များ ပြန်လည်ဆောက်လုပ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကြေးနှင့်ပစ္စည်းများ ကူညီခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မကွေးတိုင်း အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့လူငယ်များက နေအိမ်များ ပြန်လည်ဆောက်လုပ်ရာတွင် လုပ်အားပေး ကူညီပေးကြကြောင်း ဦးဟန်ဇော်ဝင်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က ပခုက္ကူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့ပြီး၊ သစ်ပင်များ ပြိုလဲကာ ဆိုင်ကယ်စီးလာသည့် လူတဦး သစ်ပင်ပိသေဆုံးမှု ဖြစ်ပွားခဲ့သည်။