မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၉၈၃ ဘီလျံကို တောင်သူများအား ယခုလအတွင်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးမြင့်ထွန်းက “အခု မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကို ယခု မေလအတွင်း ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။ ယခင်နှစ်က စိုက်ပျိုးစရိတ် ချေးငွေ ကျန်ရင်တော့ ထုတ်မ ချေးပေးပါဘူး။ ဒီနှစ် တနှစ်တာလုံးအတွက် စိုက်စရိတ်ချေးငွေက ကျပ် ၁၉၈၃ ဘီလီယံ ထုတ်ချေးပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ စိုက်စရိတ် ထုတ်ချေးပေးရာတွင် လယ်တဧကလျှင် ကျပ် ၁သိန်းခွဲနှင့် ယာတဧကလျှင် ကျပ်တသောင်းခန့် ထုတ်ချေးပေးမည်ဖြစ်ပြီး လယ်သမားတဦးလျှင် ၁၀ဧကအထိ ထုုတ်ချေးနိုင်ကာ အတိုးနှုန်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း ၎င်းကပြောသည်။
ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ပါက ချေးငွေများ အချိန်မီ ပြန်လည် မဆပ်နိုင်ကြောင်း ဝန်ကြီးဌာနသို့ တင်ပြလျှင် အချိန် အနည်းငယ် ရွှေ့ဆိုင်းပေးမည် ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် တကောင်းကျေးရွာမှ လယ်သမား ဦးအောင်ဆန်းဦးက “ကျနော်တု့ိဆီမှာ စိုက်စရိတ် ချေးငွေပေးရင် အမြဲနောက်ကျတယ်။ အခုက ဝိုင်းကြီးချုပ်စနစ်နဲ့ ချေးရတာဆိုတော့ တဦးက မဆပ်ရင် ကျန်သူတွေပါ ချေးငွေ ထပ်မရဘူး။ ဒါကြောင့် အကုန်ကျေအောင် မရှိ ရှိတာနဲ့ ဝိုင်းဆပ်ရတာပဲ။ အပြင်က ၂၀ တိုး၊ ၃၀ တိုးနဲ့ ဆွဲပြီး ပေးရတယ်။ ဒါမှ အခု မိုးအတွက် စိုက်စရိတ်ကရမှာ ” ဟု ပြောသည်။
နှစ်စဉ် စိုက်ပျိုးစရိတ်ချေးငွေကို မေလလယ်တွင် စတင်၍ အစိုးရက ထုတ်ချေးပေးလေ့ရှိသော်လည်း နေရာဒေသအလိုက် စိုက်စရိတ် ထုတ်ပေးမှု အချိန်မတူကြောင်း လယ်သမားများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အစိုးရက မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှတဆင့် ကျပ် ၁၇၀၀ ဘီလီယံကျော် ထုတ်ချေးပေးခဲ့ကြောင်း လက်ရှိတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လယ်သမားတဦးလျှင် ၁ ဧကမှ ၁၀ ဧကအထိ ထုတ်ချေးပေးနေကြောင်း သိရသည်။
ယင်းအပြင် ယခုနှစ် ဇွန်လတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ချေးငွေ ဂျပန်ယန်းသန်းပေါင်း ၁သောင်းခွဲကျော်(ကျပ်သန်း ၁၈၀၀၀၀ကျော်)ကို လယ်ယာကဏ္ဍဆိုင်ရာ စက်မှုလုပ်ငန်း လုပ်ကိုင်သူများသို့ အစိုးရမှတဆင့် နှစ်ရှည် ထုတ်ချေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။
JICA ချေးငွေကို ချေးယူရာတွင် ၃ နှစ်မှ ၅ နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်ပြီး နိုင်ငံတော်က လယ်သမားများသို့ ထုတ်ချေးပေးနေသည့် အတိုးနှုန်းအတိုင်း ကျပ် ၁၀၀ ကို တနှစ် အတိုးနူန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးမည် ဖြစ်သည်။
ချေးငွေကို ပထမနှစ်ဖြစ်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နေပြည်တော်၊ ဧရာဝတီတိုင်း ၊ မန္တလေးတိုင်း နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) တို့ကို စတင်ချေးပေးမည် ဖြစ်ပြီး ဒုတိယဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်များသို့ ဆက်လက်ချေးပေးမည် ဖြစ်သည်။