ဒေသခံများက ကန့်ကွက်မှုများ ရှိနေသော်လည်း မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့သို့ ဆက်သွယ်ထားသည့် မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အမည်ဖြင့် ယနေ့မနက်ပိုင်း၌ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
တံတားဖွင့်ပွဲသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ ပြည်ထောင်စုစိတ်ဓါတ် ပိုမိုခိုင်မြဲ စေရန်အတွက် ပြည်ထောင်စုစိတ်ဓါတ်၊ ပင်လုံစိတ်ဓါတ်ကို စတင်မွေးမြူပေးခဲ့တဲ့ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သတိတရ ဂုဏ်ပြုသောအားဖြင့် အမည်ပေး မှည့်ခဲ့တာကို အရမ်းဝမ်းသာပါတယ်” ဟု တံတားဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
တံတားဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ်တို့ ဦးဆောင်တက်ရောက် ခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဟု အမည်ပေးမှုအပေါ် ဒေသခံများနှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက“နာမည်ပေးရေးအတွက် ကျနော်တို့ ကန့်ကွက်ဆန္ဒပြခဲ့တယ်၊ နဂိုစီမံကိန်း နာမည်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ ဒေသခံတွေလိုလားတဲ့ နာမည်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုတယ်။ အဲဒီအပေါ်မှာ ပြန်လည်အကြောင်းပြန်တာ လက်ခံဆွေးနွေးတာလည်း မရှိတော့ စိတ်မကောင်းဘူး” ဟု ပြောသည်။
မြစ်ကူးတံတား စတင်ဆောက်လုပ်စဉ်က ချောင်းဆုံတံတားဟုသာ ခေါ်တွင်ခဲ့ကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးပါရန် မွန်ပြည်နယ်၊ ပေါင်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ရာမှ ဒေသခံများက ကန့်ကွက်လာခဲ့ခြင်း ဖြစ်သည်။
တံတားအမည်ပေးမှုနှင့် ပတ်သက်ပြီး မော်လမြိုင်မြို့ခံတဦးဖြစ်သူ ဦးမောင်မောင်ဇော်ထွန်းက “ တံတားနာမည် ပေးတာလည်း သူတို့လည်း သူတို့အစိုးရလက်ထက်မှာ ဒီနာမည်ကြိုက်လို့ ဒီနာမည်ပေးတာ ပြသနာ သိပ်မရှိဘူးလို့ မြင်တယ်။ မွန်တွေက သူတို့မကြိုက်လို့ သူတို့ကန့်ကွက်တာ သူတို့ကန့်ကွက်ပိုင်ခွင့်လို့ မြင်တယ်။ နာမည်ပေးတာတွေက ဘာမှတော့ ပြသနာမရှိဘူး။ ဗိုလ်ချုပ်ဈေးကြီးကို ဗိုလ်ချုပ်ဈေးလို့ ပေးကြတယ်။ ရန်ကုန်ကလူတွေက စကော့ဈေးလို့ ခေါ်ကြတယ်။ နာမည်ကတော့ အစိုးရအဆက်ဆက် သူတို့ကြိုက်တဲ့နာမည် သူတို့ပေးတယ်။ ပြည်သူလူထုကတော့ သူတို့ကြိုက်တဲ့ နာမည်ခေါ်တယ်” ဟု ပြောသည်။
ဧရိယာ စတုရန်းမိုင် ၈၅၈ ကျယ်ဝန်းသည့် ချောင်းဆုံမြို့(ဘီလူးကျွန်း)သည် မော်လမြိုင်မြို့ တဖက်ခြမ်း သံလွင်မြစ်ဘေးတွင် တည်ရှိပြီး၊ မြန်မာနိုင်ငံရှိ ကျွန်းစုများအနက် ဒုတိယအကြီးဆုံး ကျွန်းဖြစ်ပြီး လူဦးရေ တသိန်း နှစ်သောင်းကျော် နေထိုင်သည့် ကျွန်းစုကြီး ဖြစ်သည်။
မော်လမြိုင်မှနေ၍ ချောင်းဆုံမြို့သို့ ဆက်သွယ်ဆောက်လုပ်ခဲ့သည့် သံလွင်မြစ်ကူးတံတား (ချောင်းဆုံ) ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ သံလွင်မြစ်ပေါ်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည့် တံတားများအနက် ၉ စင်းမြောက် တံတားလည်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ကူးတံတားများအနက် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပထမဆုံး အမည်ပေးသည့် တံတားလည်း ဖြစ်သည်။