သတင်း

ရဲတပ်ဖွဲ့ကိုအုပ်စုဖွဲ့တိုက်ခိုက်ခဲ့သည့် မူးယစ်တရားခံပြေးကိုဖမ်းမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များအား တုတ်၊ ဓားများဖြင့် အုပ်စုဖွဲ့တိုက်ခိုက်ကာ လွတ်မြောက်သွားသည့် မူးယစ်တရားခံပြေးဖြစ်သူ အောင်ကျော်ဝင်း (ခ) ဘိုးတော် ဆိုသူကို မူးယစ်ဆေးများဖြင့် ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း လုံးတုံနယ်မြေရဲစခန်းက ပြောသည်။

အောင်ကျော်ဝင်းကို မိုးညှင်းမြို့နယ်၊ မိုင်းနောင်ကျေးရွာအနီးတွင် မူးယစ်ဆေးများနှင့်အတူ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ဖမ်းဆီးခဲ့သော်လည်း ၎င်း၏သားဖြစ်သူ ကျော်သူဝင်း အပါအဝင် လူ ၁၆ ဦးက ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ကာ ပြန်လည်လုယူ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

လုံးတုံနယ်မြေရဲစခန်းမှူး ရဲအုပ်ဗျက်ဆန်းက “အခုသူ့ကို မိုးညှင်းမှာဖမ်းထားပြီး အသေးစိတ် စစ်မေးနေ တယ်၊ ပြီးရင် အရင်အမှုတွေနဲ့လည်း အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

တရားခံပြေးဖြစ်သူ အောင်ကျော်ဝင်းအား မိုင်းနောင်ကျေးရွာ၊ အနောက်တောင်ဘက် ကျောက်ဆင်ရုပ်အနီး တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းအိတ်အတွင်းမှာ ဘိန်းဖြူဟုယူဆရသည့် ဖြူဝါရောင်အမှုန့် ၂၄ ဒသမ ၆ ဂရမ်ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

လက်ရှိတွင် အောင်ကျော်ဝင်းအား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၉(က) တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိသည်။

ထို့အပြင် မူးယစ်ဆေးမှု၊ လက်နက်မှု၊ ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်ခဲ့မှု စသည့် ပြစ်မှု ၃ မှုအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅၊ ၁၉(က)၊ ၂၀ (က)၊ လက်နက်အရေးပေါ် (ယာယီ) အက်ဥပဒေပုဒ် အပါအဝင် ပုဒ်မ ၉ ခုဖြင့် ၂၀၁၆ ခုနှစ်ကတည်းက မိုးညှင်းမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားသည်။
၎င်းဖြစ်စဉ်အတွင်း ပါဝင်တိုက်ခိုက်ခဲ့သူများထဲမှ အောင်ကျော်ဝင်း အပါအဝင် ၁၂ ဦးကို ဖမ်းဆီး ရမိထားပြီ ဖြစ်ပြီး လက်ရှိတွင် တရားရင်ဆိုင်နေဆဲဖြစ်ပြီး တိုက်ခိုက်ရာတွင်ပါဝင်ခဲ့ကာ လွတ်မြောက်နေဆဲ ဖြစ်သည့် ကျော်သူဝင်း၊ ဖိုးဇော်၊ အောင်မြင့်အေး၊ ဗဒင် ဆိုသူတို့ကို ဖမ်းဆီးရမိရေးအတွက် ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ရဲအုပ်ဗျက်ဆန်းက ပြောသည်။

၂၀၁၆ ခုနှစ် တိုက်ခိုက်မှု ဖြစ်ခဲ့စဉ်က ဒုရဲမှူးတဦးမှာ ဓားဒဏ်ရာရရှိခဲ့ပြီး လက်နက်ကိုပါ လုယူခံခဲ့ရပြီး တိုက်ခိုက်ခဲ့သူများထံက BA 109 လက်ပစ်ဗုံး ၂ လုံးကို ပြန်လည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Loading