မြန်မာနိုင်ငံမှ လူမျိုးစုများ၊ ဘာသာရေး လူနည်းစုများ၊ သတင်းသမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ အပေါ် အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေစဉ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော် လွတ်လပ်ခြင်းဆု ပေးအပ်ခြင်းသည် စိတ်ပျက်စရာကောင်းသည် ဟုဆိုကာ လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့် ဒုက္ခသည်များက လန်ဒန်တွင် တနင်္လာနေ့က ဆန္ဒပြခဲ့ကြသည်။
“ကျနော် စိတ်ပျက်မိတယ်။ သူမဟာ သူမရဲ့ ကိုယ်ကျင့်သိက္ခာ အတိုင်း ရပ်တည်သင့်တယ်၊ လူတွေ သေနေတယ်၊ အဓမ္မပြုကျင့် ခံနေရတယ်” ဟု လွန်ခဲ့သောနှစ် ၂၀ နီးပါးက အင်္ဂလန်သို့ ရောက်မလာမီ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး လက်ထောက်ဟောင်း အဖြစ် မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားအဖြစ် ထောင် ၇ နှစ်ချခံခဲ့ရသော ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်က ပြောသည်။
ကချင်အမျိုးသား အမျိုးသား အစည်းအရုံး (KNO)၊ မြန်မာရိုဟင်ဂျာအဖွဲ့-ယူကေ (BROUK) နှင့် မငြိမ်သက်သော သက်ရှိများ ပရဟိတအဖွဲ့ (Restless Beings) တို့နှင့် အတူ ကိုအောင်သည် လန်ဒန်မြို့လယ်မှ ထို ဆန္ဒပြပွဲကို ကူညီ စီစဉ်ခဲ့သည်။ လွန်ခဲ့သော တနှစ်ကျော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရစဉ်မှ စ၍ ဆက်လက်ဖြစ်ပွားနေသော မြန်မာနိုင်ငံမှ အခွင့်အရေး ချိုးဖောက်မှုများကို ထောက်ပြပြီး ကန့်ကွက်သူ ၄၀ ခန့် ထိုဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်၊ ခင်ဗျား အတွက် အရှက်ရမိတယ်” ဟူသော ကြွေးကြော်သံများကို သံပြိုင်အော်ဟစ်ရင်း သူတို့သည် အေးစက်နေသော လန်ဒန်လမ်းထောင့် တခုတွင် ၃ နာရီခန့် ကြာအောင်ရပ်နေခဲ့ကြသည်။ သူတို့၏ လက်တွင်လည်း “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေး” “ဘာသာရေးအမုန်းစကား ရပ်” ” ကချင်၊ တအာင်း(ပလောင်)၊ ရိုဟင်ဂျာ၊ ရှမ်းလူမျိုးစုများ အပေါ် စစ်ရေးအကြမ်းဖက်မှု ရပ်တန့်ပေး” စသည့် ဆိုင်းဘုတ်များကိုလည်း ကိုင်ထားကြ သည်။
“ဒီမှာ ကျနော်တို့ အချင်းချင်း ပူးပေါင်ဆောင်ရွက်လို့ ရတယ်။ မြန်မာနိုင်ငံမှာဆို မရဘူး” ဟု KNO ဥက္ကဋ္ဌ ရင်ဒုလာချန်း (Ring Du Lachyung) က ဘာသာရေး၊ လူမျိုးရေး နောက်ခံမျိုးစုံမှ လူများ စုစည်မိခြင်းကို ရည်ရွယ်ပြောကြားသည်။ “ကျနော်တို့ စစ်ရာဇဝတ်ကောင်တွေရဲ့ ဘဝတူသားကောင်တွေပဲ” ဟုလည်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အား သက်တမ်းနှစ် ၈၀၀ ရှိ မြို့တော်လွတ်လပ်ခြင်း ဆုပေးအပ်ခြင်း အခမ်းအနားကို လန်ဒန်ရှိ Guildhall တွင် ကျင်းပခြင်း ဖြစ်ပြီး ထိုအခမ်းအနားသို့ မည်သည့် မီဒီယာကို မျှ ဖိတ်ကြားခြင်း မပြုကြောင်း လန်ဒန်မြို့တော် ပြောခွင့်ရသူက ဧရာဝတီ သတင်းဌာန သို့ ပြောသည်။ နိုဗယ်ဆုရှင်များ ဖြစ်ကြသော ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး နှင့် နယ်လ်ဆင်မန်ဒဲလားတို့လည်း ထိုဆု ရခဲ့ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် လန်ဒန်မြို့တော် လွတ်လပ်ခြင်းဆု ရရှိခြင်းကို ကန့်ကွက်ကြောင်း၊ အမှန်တရားမှာ ကချင်များ၏ လွတ်လပ်ခြင်းကို မြန်မာအစိုးရက အသိအမှတ် မပြုကြောင်း ရင်ဒုလာချန်းက ဧရာဝတီ သတင်းဌာန သို့ ပြောသည်။
“ယူကေ အစိုးရဟာ ကျမတို့နဲ့ အတူ ရပ်သင့် ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဘက်က သွားရပ်တယ်” ဟု BROUK အဖွဲ့ဝင် ပဋိပက္ခ ဒဏ်ခံနေရသော ဘူးသီးတောင်မှ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှက သူမည်သည့်အတွက် ဆန္ဒပွဲတွင် ပါဝင်ရသည်ကို ရှင်းပြရင်း ပြောသည်။ “ကျမတို့ ဒုက္ခရောက်ရတာကို သူတို့ အသိအမှတ် မပြုဘူး” ဟုလည်း ပြောသည်။
လူမျိုးစု လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တုန့်ဆိုင်းနေခြင်း၊ နိုင်ငံမြောက်ပိုင်းမှ စစ်ရေးပဋိပက္ခနှင့် အရပ်သားများ နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်း၊ အသရေဖျက်မှုဖြင့် သတင်းသမားများကို ပိုမိုဖမ်းဆီးလာခြင်းတို့ အတွက် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံတကာ ဝေဖန်ှမှုများကို ပိုမိုခံလာရသည်။
၂၀၁၆ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၁၇ ခုနှစ် အစောပိုင်းတို့က ရခိုင်ပြည်နယ်တွင် လုံခြုံရေး တပ်ဖွဲ့များက ရိုဟင်ဂျာများ အပေါ် ကျူးလွန်သော အဓမ္မပြုကျင့်မှု၊ တရားမဲ့ သတ်ဖြတ်မှု၊ မီးရှို့မှု၊ ညှင်းပမ်းနှိပ်စက်မှု သတင်းများကို စုံစမ်းစစ်ဆေးရေးရန် ကုလသမဂ္ဂက တာဝန်ပေးသော အချက်အလက် ရှာဖွေရေး အဖွဲ့ကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည် က မေ ၂ ရက်နေ့တွင် ကျင်းပသော ဥရောပသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်လူနည်းစု အပေါ် ကျူးလွန်သော ရာဇဝတ်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှု များ ဖြစ်သည် ဟူသော ပြောဆိုချက်များကို ဒေါ်အောင်ဆန်းစုကြည်က ဧပြီလအတွင်း ဘီဘီစီသတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပယ်ချခဲ့ပြီး သူမ၏ အစိုးရက ထိုကိစ္စသည် ပြည်တွင်းရေး ဖြစ်သည်ဟု အကြိမ်ကြိမ် ပြောခဲ့သည်။
လန်ဒန်ဆန္ဒပြပွဲမှ တန်ပြန်ဆန္ဒပြသူ နှစ်ဦးတို့သည် ထိုသို့သော စိတ်ခံစားချက်များကို ထင်ဟပ်နေပြီး ၎င်းတို့က သူတို့သည် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံရန်နှင့် ထိုဆန္ဒပြပွဲကို ကန့်ကွက်ရန် လာသည်ဟု ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ဟာ ကျနော်တို့ရဲ့ တရားဝင်ခေါင်းဆောင်ပဲ” ဟု ၂၀၀၇ ခုနှစ်က လန်ဒန်သို့ ဒုက္ခသည် အဖြစ်ရောက်လာသူ ထိန်လင်းက ပြောသည်။ သူက အင်္ဂလန်တွင် ခိုလှုံခွင့် တောင်းသူများကိုမူ “သူတို့တွေက တိုင်းရင်းသား မဟုတ်ဘူး” ဟု ပြောကာ ရှုတ်ချသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗာတီကန်တို့သို့ သွားရောက်ခဲ့ပြီး နောက် အင်္ဂလန်သို့ သောကြာနေ့ ညက ရောက်ရှိသည်။ နိုင်ငံပိုင် မီဒီယာ၏ အဆိုအရ ယူကေရှိ မြန်မာသံအမတ် ဦးကျော်ဇွာမင်းနှင့် အဖွဲ့က သူမကို ဟီသရိုး လေဆိပ်မှ ကြိုဆိုသည်ဟုသိရသည်။
နိုင်ငံတော် အတိုင်ပင်ခံ၏ ခရီးစဉ်နှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနက လန်ဒန်ရှိ မြန်မာသံရုံးနှင့် ဆက်သွယ်သော အခါ သူမ၏ အစီအစဉ်များ၊ တွေ့ဆုံမည့်သူများကို သံရုံးက တခုမျှမသိ ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ခရီးစဉ်အတွင်း လန်ဒန်ရှိ ဒေါ်ချက်စတာ ဟိုတယ်၌ တည်းသည် ဟု ဆိုသည်။ ထိုဟိုတယ်သည် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ အတွင်းက သူမ၏ ဖခင် လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ကိုယ်စားလှယ်အဖွဲ့ တနှစ်အတွင်း မြန်မာနိုင်ငံ လွတ်လတ်ရေး ရရန် ထိုစဉ်က ဝန်ကြီးချုပ် ကလီးမင့် အက်တလီနှင့် သဘောတူစာချုပ် အတွက် ညှိနှိုင်းစဉ်က တည်းခိုခဲ့သော ဟိုတယ် ဖြစ်သည်။ ရက်သတ္တပတ် အတန်ကြာသော အခါသူသည် ရှမ်းပြည်နယ်တွင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးပြီး ဖက်ဒရယ် ပြည်ထောင်စုအတွင်း လူမျိုးစုများ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပေးခဲ့သည်။
လွန်ခဲ့သော နှစ် ၇၀ ကထို ရက်သတ္တပါတ်များအတွင်း ထိုဟိုတယ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်ရှိ မြန်မာအသိုင်းအဝန်းကို ဖိတ်ခေါ်ပြီး အတူ စားသောက်သီဆိုကာ အမိမြေ အကြောင်း အမှတ်တရများ ပြောကြားကြသည် ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ခရီး (လွန်ခဲ့သော ၅ နှစ်အတွင်း တတိယအကြိမ်) တွင် အစောင့်အကြပ် သိသိသာသာ များသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြသည်။
ဒေါ်အောင်ဆန်းစုကြည် သည် အဂါၤနေ့တွင် လန်ဒန်ရှိ မြန်မာအသိုင်းအဝန်မှ လူအချို့ကို ရွေးချယ်တွေ့ဆုံမည်ဟု သိရသော်လည်း သတင်းရေးချိန်အထိ မည်သူတို့ တက်ရောက်ခွင့် ရသည်ကို မသိရသေးပေ။
လန်ဒန်ရှိ မြန်မာမွတ်စလင်များနှင့် ကချင်အသိုင်းအဝန်းတိုသည် ဖိတ်ကြားခြင်း ခံရသူများတွင် ပါဝင်မည် မဟုတ်ဟု ဆန္ဒပြသူများက ပြောသည်။
နေအိမ်အကျယ်ချုပ် ၁၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မနားမနေ လုပ်ကိုင်ခဲ့သူ ကိုအောင်သည် ဒေါ်အောင်ဆန်းစုကြည် ၏ ၂၀၁၂ ယူကေခရီစဉ် အတွင်း သူမနှင့် တွေ့ဆုံခဲ့သော်လည်း အင်္ဂါနေ့ တွေ့ဆုံပွဲကို တက်မည်မဟုတ် ဟု ဆိုသည်။
တနင်္လာနေ့ ဆန္ဒပြပွဲတွင် မပါဝင်သော Burma Campaign UK (BCUK) မှ ဒါရိုက်တာ Mark Farmaner က သူ၏ အဖွဲ့အစည်းသည်လည်း နိုင်ငံတော်အတိုင်ပင်ခံ၏ ခရီးစဉ်အတွင်း မည်သည့် အခမ်းအနားသို့မျှ ဖိတ်ကြားခြင်း မခံရဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“မြန်မာသံရုံးက လူမှုအဖွဲ့တွေကို တရားဝင် မချဉ်းကပ်ဘူး။ သူက ကိုယ်စားပြုအဖွဲ့တွေကို မတွေ့ဘဲ ဝေဖန်မှုတွေကို ကာကွယ်ထားတယ်” ဟု ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ်အတွင်း စဉ်းစားရမည့် ပြဿနာ ၁၀ ခုပါ ကြေညာချက်တခုကို BCUK က ထုတ်ပြန်ထားသည်။ ၎င်းတို့တွင် နိုင်ငံရေး အကျဉ်းသားများအား ဆက်လက် ဖမ်းဆီးထားခြင်း၊ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ နေရပ်စွန့်ခွာ ထွက်ပြေးရသူများ အတွက် အကူအညီများကို ကန့်သတ်ထားခြင်း၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူမှု တိုးလာခြင်း၊ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများကို ဗီဇာဆက်လက် ပိတ်ပင်ခြင်းနှင့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ပယ်ချခြင်းတို့ ပါဝင်သည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အဲလိဇဘက် ဘုရင်မကြီးနှင့် ဘက်ကင်ဟန် နန်းတော်တွင် နေ့လယ်စာ စားပြီး ယင်း ပွဲသို့ တော်ဝင်မိသားစုများလည်းတက်ရောက်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ။