မဘသ ဦးဆောင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ – မစိုးရိမ်ကျောင်းတိုက်)၏ ပြောဆို လုပ်ကိုင် ဆောင်ရွက်မှုများ အပေါ် ဓမ္မ/ အဓမ္မ ခွဲခြားပေးရန် အဓမ္မဝါဒ ဆန့်ကျင်ရေး ကော်မတီဝင်များက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန) သို့ တောင်းဆိုလိုက်သည်။
အဓမ္မဝါဒ ဆန့်ကျင်ရေး ကော်မတီ၏ လှုပ်ရှား ဆောင်ရွက်နေမှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲနှင့် Facebook Group Member များ တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် မေလ ၉ ရက်က ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အဓမ္မဝါဒ ဆန့်ကျင်ရေးကော်မတီ ဦးဆောင် တည်ထောင်သူ ကိုမြတ်ကျော်က “ကျနော်တို့က သူ့ကို ပျက်စီးစေချင်တာ၊ ထောင်ကျစေချင်တာ မဟုတ်ဘူး။ လွဲမှားနေပါတယ်ဆိုတဲ့ အမြင် ဒါကို လူထုက လက်မခံဘူး။ ငါတို့ ဗုဒ္ဓဘာသာက လက် မခံဘူး။ လွဲမှားနေတဲ့ မိစ္ဆာ အယူဝါဒတွေကို ပြုပြင်ပါ။ ဒါကို ပြချင်တာ” ဟု ပြောသည်။
ယင်းကော်မတီကို စိတ်တူကိုယ်တူ ၁၂ ဦးဖြင့် ၂၀၁၇ မတ်လအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး ဦးဝီရသူ၏ ပြောဆို လုပ်ကိုင် မှုများနှင့် ပတ်သက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မှ ကောက်ယူရရှိသည့် လက်မှတ် ၅၀၀ ဖြင့် ဦးဝီသူ၏ ပြောဆို၊ လုပ်ကိုင် ဆောင်ရွက်မှုများအား ဓမ္မ/ အဓမ္မ ခွဲခြားပေးရန် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်တွင် မဟနသို့ ပေးပို့ လျှောက်ထား တောင်းဆိုခဲ့ ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက တောင်းဆိုချက်နှင့် ပတ်သက်ပြီး ယနေ့အထိ မဟန၏ တစုံတရာ တုန့်ပြန်မှု မရှိသေးသည့်အတွက် ရန်ကုန်တိုင်း တတိုင်းလုံးရှိ ပြည်သူလူထု၏ လက်မှတ်များ ကောက်ယူကာ ဆက်လက် တောင်းဆိုသွားမည်ဖြစ်သကဲ့သို့ ကော်မတီကိုလည်း တိုးချဲ့ ဖွဲ့စည်းသွားမည်ဟု ဆိုသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန)ကလည်း ဦးဝီရသူအား ဘာသာတခုနှင့် တခုအကြား အမုန်းတရားပွား များပြီး ဘာသာရေးအဓိကရုဏ်း ဖြစ်စေ နိုင်သည့် ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် လှုံ့ဆော်ဟောပြောမှုများ၊ တရား ဥပဒေ စိုးမိုးရေးကို အဟန့် အတား ဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများအကြားတွင် ဘက်လိုက် ဝေဖန် ပြောဆိုမှုများကို ဒေသ အနှံ့အပြား၌ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်ဟုဆိုကာ ၂၀၁၇ခုနှစ် မတ်လ ၁၀ရက်မှ စတင်ကာ တရားဟောခွင့် ၁ နှစ် ပိတ်ပင်ထားခဲ့ပြီးဖြစ်သည်။
ဦးဝီရသူအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် အရေးယူဆောင်ရွက် သွားမည်ဟု မဟန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသော်လည်း ၎င်း၏ပါးစပ်ကို တိပ်ဖြင့်ပိတ်ကာ ကိုယ်တိုင် ဟောကြားမှုမရှိသည့် တရားပွဲများ ဆက်လက်ပြုလုပ်ခဲ့သည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အရေးမယူသည့်အတွက် မေးခွန်း ထုတ်စရာ ဖြစ်နေသည်ဟု ကိုမြတ်ကျော်က ပြောသည်။
ကိုမြတ်ကျော်က “ဓမ္မမဟုတ်သော၊ လူမျိုးရေး ခွဲခြားသော၊ အမုန်းတရားတွေ ဖြန့်ဝေသောသူတွေကို မတားဆီး၊ အရေး မယူနိုင်ရင်တော့ ကျနော်တို့နိုင်ငံဟာ သိပ်မကြာခင်မှာ ဘာသာရေး အစွန်းရောက်တဲ့ ဖက်ဆစ်နိုင်ငံမျိုး ရောက်သွားနိုင်တယ်” ဟု ပြောသည်။
ယင်းသို့ တရားဟောခွင့် ပိတ်ပင်ထားသည်ကို ဆက်လက်ဟောပြောနေခြင်းနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘဒ္ဒ န္တကုမာရာဘိဝံသက “တရားမဟောရဘူးဆိုတာကို ဟောနေတယ်ဆိုရင် အာဏာ ဖီဆန်ရာကျတယ်။ အဲဒီအတွက် အပြစ်ခံစားရပါလိမ့်မယ်။ ဥပဒေရှိပါတယ်။ ဘုရားအမိန့်ကို နားထောင်ရမယ်။ နားမထောင် ဘူးဆိုရင် ဖမ်းပြီးတော့ ထောင်ချနိုင်ပါတယ်” ဟု ဧရာဝတီ၏ မေးမြန်းမှုကို မိန့်ကြားထားသည်။
ပြီးခဲ့သည့် မတ်လ နောက်ဆုံးပတ်ကလည်း ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို လိုလား သူများက ဦးဆောင်ပြီး ဦးဝီရသူအား အကြမ်းဖက်မှုကို အားပေးအားမြှောက်ဖြစ်စေသော ဟောပြော၊ ရေးသားခြင်းများ ပြုလုပ်သည်ဟုဆိုကာ အရေးယူဆောင်ရွက်ပေးနိုင်ရန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို အခြေစိုက် Change.org ဝက်ဘ်ဆိုက်တွင် လူထု လက်မှတ်ကောက်ယူမှုများ ပြုလုပ်ခဲ့သည်။
အလားတူပင် ဦးဝီရသူအား အမုန်းတရား ဟောပြောမှုများနှင့် ဥပဒေကို ချိုးဖောက်သော ဟောပြောမှုများကြောင့် အရေး ယူပေးရန် Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်းက မဟနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ထံ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က တင်ပြ လျှောက်ထားခဲ့သည်။
ထို့အပြင် ဦးဝီရသူအနေဖြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား ဗုဒ္ဓဘာသာ တရားတော်များတွင် ပါဝင်ခြင်း မရှိသည့် ဟောကြားချက်များဖြစ်သော အရက်သမား၊ ဘိန်းစား၊ ခွေး၊ သံဃာတို့နှင့် ပေါင်းသင်းဆက်ဆံကြရန် တိုက်တွန်း ဟောကြားခဲ့ခြင်းတို့ကြောင့် ဒေါပုံမြို့နယ်နေ ဦးမင်းလှိုင်ဆိုသူက ဦးဝီရသူအား အရေးယူပေးရန် ဒေါပုံမြို့နယ်တရားရုံးသို့ ဧပြီလ ၄ ရက် နံနက်က လျှောက်ထားခဲ့ရာ ပယ်ချခံခဲ့ရသည်။