သတင်း

နမ္မတူတွင် မြေမြှုပ်မိုင်း ဆက်တိုက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူများရှိ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ ရှိနေကြောင်း သိရသည်။
နမ္မတူမြို့နယ် ပန်ဆန်းရွာနှင့် နမ့်ခွမ်ရွာအကြား လူသွားလမ်းတွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ အမျိုးသမီးတဦး ခြေထောက်ပြတ်သွားပြီး၊ တခြားတဦးမှာ မျက်လုံးထိမှန်ခဲ့ကြောင်း နမ့်ခွမ်ရွာခံ ကိုမာလက ဧရာဝတီကို ပြောသည်။

မေလ ၈ ရက်က ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ပန်ဆန်းရွာသူ ဒေါ်ကိုင်ထန်ခြေထောက် ပြတ်သွားပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးအနက် တဦးမှာ မျက်လုံးအနည်းငယ် ဒဏ်ရာရရှိကာ နမ္မတူ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း ၎င်းက ဆိုသည်။

ကိုမာလက “ကျနော်တို့ရွာအနီးမှာ မိုင်းထိပြီး ခြေထောက်ပြတ်သွားတာ ဒါပထမဆုံးပဲ။ ဒေသခံတွေတော့ အရမ်းထိန့်လန့် နေကြတယ်။ ၃ ယောက် အတူလာကြတာ မကိုင်ထန်က ရှေးဆုံးကဆိုတော့ သူကနင်းမိတာ။ သူရဲ့ခြေထောက်ကို ဒူးဆစ်နားထိ ဖြတ်လိုက်ရတယ်။ ညာဘက်ခြေထောက်လည်း ဒဏ်ရာရသွားတယ်၊ ကျန်တယောက်က မျက်လုံးနည်းနည်း ထိပေမယ့် စိုးရိမ်စရာ မရှိဘူး” ဟု ပြောသည်။

အလားတူ မေလ ၈ ရက် နံနက်ပိုင်းက နမ္မတူမြို့နယ်နှင့် မိုးမိတ်မြို့နယ်အစပ်ရှိ တုံးကြီးကျေးရွာဒေသခံ ဦးဟောင်းလွမ်းသည် မြေမြှုပ်မိုင်းထိ သေဆုံးသွားကြောင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် နမ္မတူမြို့ခံ မမိုင်းမိုင်က ဧရာဝတီကို ပြောသည်။

မမိုင်းမိုင်က “ ဒီရက်ပိုင်းမှာ မိုင်းထိတာ ၅ ယောက်လောက် ရှိနေပြီ။ ပေါက်တဲ့နေရာတွေကလည်း လူသွားလမ်းတွေ၊ ပြည်သူတွေ လုပ်ကိုင်စားသောက်တဲ့ နေရာတွေပဲ ဖြစ်နေတယ်။ တိုက်ပွဲတွေဖြစ်တဲ့နေရာလည်း မဟုတ်ဘူး။ လူ့အသိစိတ်ဓာတ် ကင်းမဲ့တဲ့လုပ်ရပ်ဖြစ်လို့ ဒီလိုလုပ်ရပ်ကို လုံးဝရှုတ်ချတယ်” ဟု ပြောသည်။

ထို့အပြင် တပ်မတော်ပိုင် မီဒီယာတခုဖြစ်သည့် မြဝတီသတင်းစာပါ မေလ ၈ ရက်က နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာရှိ မြို့မသာသနာ ဘုန်းတော်ကြီးကျောင်းမှ သာမဏေ(ကိုရင်) ၈ ပါးသည် ကျောင်းအနီးမှ တွေ့ရှိရသည့် မြေမြှုပ်မိုင်းဟောင်း နှစ်လုံးကို ဆော့ကစားကြရာ မိုင်းတလုံးပေါက်ကွဲခဲ့ပြီး ကိုရင် ၅ ပါး မိုင်းစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
နမ္မတူမြို့နယ်တွင် အစိုးရတပ်မတော်နှင့် ပလောင်(တအာင်း) အမျိုးသားလွတ်လပ်ရေး တပ်မတော် (TNLA ) တို့ အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်းနှင့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ပန်ဆန်းရွာ၊ နမ့်ခွမ်ရွာတဝိုက်တွင် အစိုးရ တပ်မတော်၏ တပ်မ ၃၃ စစ်ကြောင်းများ အခြေစိုက် လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading