ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ ငြိမ်းချမ်းရေး ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာ ရဲ့ ၉၈ ပြည့် မွေးနေ့ပွဲကို မေလ ၁၀ ရက်နေ့က ဆရာကြီးရဲ့ ဂူဗိမာန်မှာ စည်စည်ကားကား ကျင်းပပါတယ်။
မွေးနေ့ပွဲ အခမ်းအနား အစီအစဉ် အရ စာတမ်းများ ဖတ်ကြားခြင်း၊ ကဗျာများ ရွတ်ဆို ဖတ်ကြားခြင်း နဲ့ အမှတ်တရ စကား ပြောကြားခြင်းများ ပြုလုပ်ကြပါတယ်။
အခုတကြိမ် ဆရာကြီးရဲ့ မွေးနေ့ပွဲကို ကဗျာဆရာ တဦးနဲ့ မြန်မာ တယောပညာရှင် ဦးတင်ရီတို့ကလည်း ကဗျာရွတ် တယောထိုးခြင်း အစီအစဉ်နဲ့ ပါဝင်တာကိုလည်း တွေ့ရပါတယ်။
အဲဒီ အပြင် တောင်ကိုရီးယား ကဗျာဆရာ တဦးနဲ့ စာရေးဆရာမ တဦးတို့ကလည်း ကဗျာ ရွတ်ဆို ဖတ်ကြားခြင်း၊ ဝတ္ထု စာတမ်း ဖတ်ကြားခြင်းတို့နဲ့ ဆရာကြီး ဒဂုန်တာရာကို ဂါရဝပြုကြပါတယ်။
မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာပြည် အနယ်နယ် အရပ်ရပ်က စာရေး ဆရာ၊ ကဗျာ ဆရာများ၊ စာပေ အနုပညာရှင်များနဲ့ နိုင်ငံရေး နယ်ပယ်တို့က ဆရာကြီး ဒဂုန်တာရာကို ချစ်ခင် လေးစားကြသူများ တက်ရောက် လာကြပါတယ်။
ဆရာကြီး ဒဂုန်တာရာဟာ ၁၉ – ၈ – ၂၀၁၃ နေ့က အောင်ပန်းမြို့မှာ ကွယ်လွန် ခဲ့ပါတယ်။