၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပဲခူးတိုင်းအတွင်းရှိ အစိုးရကျောင်းပေါင်း ၇၀ ကျော်တွင် အရှိုချင်းစာပေအား အဆင့် တိုးမြှင့် သင်ကြားနိုင်ရန် ဆောက်ရွက်လျှက်ရှိကြောင်း ပဲခူးတိုင်း အရှိုချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ထံမှသိရသည်။
၂၀၁၅- ၂၀၁၆ ပညာသင်နှစ်မှစ၍ ပဲခူးတိုင်းအတွင်းရှိ အစိုးရကျောင်း ၇၉ ကျောင်းရှိ ကျောင်းသား ၂၈၉၇ ဦးကို ပထမ အဆင့်အနေနှင့် အရှိုချင်းစာပေ သင်ပုန်းကြီးဖတ်စာအား ဆရာ၊ ဆရာမ ၁၂၉ ယောက်မှ သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင်လည်း ကျောင်းပေါင်း ၇၆ ကျောင်းရှိ ကျောင်းသား ၃၀၀၀ ထောင်ခန့်အား အဆိုပါ သင်ခန်းစာကို ကျေညက်သည့်အထိ သင်ကြားနိုင်ခဲ့သည့် အတွက် လာမည့်ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် သင်ကြားနိုင်ရန် ဆောင် ရွက်လျှက်ရှိကြောင်း ပဲခူးတိုင်း အရှိုချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဒုဥက္ကဋ္ဌ ဆလိုင်းအေးပိုင်က ပြောသည်။
“စသင်ခဲ့တာကတော့ အခြေခံသင်ပုန်းကြီးပေါ့။ အဲဒိနောက် ၂၀၁၆-၁၇ မှာလည်း အဲဒီဟာကိုပဲ ဆက်သင်ပေးတယ် သင်ခန်းစာကို ကျေညက်သွားအောင်။ ၂ နှစ်ဆက်တိုက်သင်ပြီးတဲ့အခါမှာ ဒီနှစ်မှာ တိုင်းပညာရေးညွန်ကြားရေးမှူးကို ဂရိတ်ဝမ်း၊ တူး၊ သရီးတွေကို ထုတ်ပေးပြီးပါပြီ။ အဲဒါတွေကို CD ချပ်နဲ့ အစိုးရကနေတာဝန်ယူထုတ်ပေးတော့မှာဖြစ်လို့ ဆရာကိုင်အနေနဲ့ လက်ရှိဆရာမတွေကို သင်ကြားပို့ချပေးနေပါပြီ” ဟု ဆလိုင်းအေးပိုင်ကဆိုသည်။
သင်ပုန်းကြီးဖတ်စာများကို ကျေညက်သည့်အထိသင်ကြားပြီးသည့် ကလေးသူငယ်များကိုသာ Grade 1၊ Grade 2 နှင့် Grade 3 စသည့် ထပ်ဆင့်တိုးမြှင့်ထားသည့် စာပေများကိုသင်ကြားရမည်ဖြစ်ပြီး၊ အဆိုပါသင်ခန်းစာများတွင် အခြေခံ အက္ခရာများ၊ အသံကွဲ၊ ဖြည့်စွက်သံများနှင့် အရှိုချင်းကဗျာများ နှင့် ပုံပြင်များ၊ ဝတ္ထုများဖတ်နိုင်သည့် အဆင့်ထိတိုးမြှင့် ထားကြောင်း၊ ယင်းသင်ခန်းစာများအား ၁ နှစ်ခွဲကျော်အချိန်ယူပြင်ဆင်ထားကြောင်း ပြည်မြို့နယ် အရှိုးချင်းအမျိုးသား စာပေနှင့်ယဉ်ကျေးမှူ ဥက္ကဋ္ဌ ဆလိုင်းကြည်ဟန်ကလည်း ပြောသည်။
“ ဂရိတ်ဝမ်းမှာတော့ အရှိုချင်းမှာ အသံအနေအထားကွဲတဲ့ဟာကိုမသင်သေးဘူး မူးရင်းလောက် ကိုပဲသင်တယ်။ ဂရိတ်တူး မှာ အသံကွဲတာကို တစုတည်းသုံးနိုင်အောင် ဖန်တီးထားတယ်။ ဂရိတ်သရီးမှာတော့ ပုံဝတ္ထုတွေဖတ်နိုင်တဲ့ အဆင့်ရောက် အောင် သင်သွားမယ်။ နောက်ပိုင် အရှိုချင်းရဲ့သမိုင်းလေးတွေကအစ မေးခွန်းလေးတွေ ဖြေတတ်တဲ့အဆင့်ထိ လောလော ဆယ်ပြင်ဆင်ထားတယ်” ဟု ဆလိုင်းကြည်ဟန်ကရှင်းပြသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အရှိုချင်းစာပေသင်ကြားမှုအဆင့်တိုးမြှင့်ခြင်းနှင့်အတူ စာမေးပွဲဖြေဆို ရသည့် စနစ်လည်း ပါဝင်ကြောင်းနှင့် ဘဏ္ဍာငွေ အခက်အခဲများရှိနေသည့်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ တိုင်းရင်းသားရေးရာဝန်ကြီး ထံမှတဆင့် တိုးမြှင့်ချပေးရန်တောင်းဆိုထားကြောင်း ပဲခူးတိုင်း အရှိုချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုဥက္ကဋ္ဌ ဆလိုင်းအေးပိုင်းထံမှသိရသည်။
ပဲခူးတိုင်းအတွင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ဇီးကုန်း၊ အုတ်ဖို စသည့် မြို့နယ်များတွင် အရှိုးချင်းတိုင်းရင်းသား အများစုနေထိုင်ပြီး ကျေးရွာပေါင်း ၁၀၀ ခန့်ရှိ၊ ကျောင်းပေါင်း ၈၀ ခန့်တွင် ဆရာ၊ ဆရာမ ၁၂၉ ဦးဖြင့် ကျောင်းသား ၃၀၀၀ ခန့်ကို စာသင်ချိန်ပြင်ပအချိန် (ကျောင်းမတက်ခင်နှင့် ကျောင်းဆင်းပြီးနောက်ပိုင်း) တနေ့လျှင် တနာရီသင်ကြားပို့ချပေး ရပြီး ဆရာ၊ ဆရာမှတဦးကို တလလျှင် ကျပ် ၃ သောင်းဖြင့် တိုင်းဒေသကြီးအစိုးရ ပညာရေးရံပုံငွေမှ ထုတ်ပေးထား ကြောင်း သိရသည်။