လာမည့် မေလ ၂၄ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစု ပင်လုံ ဒုတိယအကြိမ်အစည်းအဝေး မတိုင်မီ ရခိုင်ပြည်နယ် ၌ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရနိုင်ရန် ရခိုင်အမျိုးသားပါတီ (ANP) က အစိုးရထံ ထပ်မံတောင်းဆိုသွားမည်ဟု သတင်းရရှိသည်။
မေလ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေး တွင် တောင်းဆိုရန် မေလ ၁၀ ရက်က ကျင်းပသည့် ANP ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေး တွင် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်ဟု ANP ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။
ဦးခိုင်ပြည်စိုးက “ကျနော်တို့ ၁၂ ရက်နေ့မှာ ကျင်းပမယ့် UDPJC အစည်းအဝေးမှာ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲ ပြုလုပ်ခွင့်ရဖို့ ထပ်ပြီး တောင်းဆိုဦးမယ်။ တောင်းဆိုဖို့ ဒေါက်တာ အေးမောင်ကို ကျနော်တို့ တာဝန်ပေးထားပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “နယ်မြေဒေသ အခြေအနေကတော့ အကြောင်းပြချက်သာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲလုပ်လို့ ပဋိပက္ခ တစုံတရာ တက်လာနိုင်စရာ အကြောင်းမရှိပါဘူး ။ ဒါကို အပေါ်ပိုင်းမှာ တာဝန်ရှိသူတဲ့ သူတွေက စဉ်းစားတွေးခေါ်နိုင်အောင် သတင်းအချက်အလက်တွေကို ကျနော်တို့ UPDJC ကို ပေးဖို့ထဲမှာ ရေးထားပါတယ်။” ဟု ရှင်းပြသည်။
ရခိုင်ပြည်နယ်မှာ ထိလွယ်ရှလွယ်ဧရိယာ (Sensitive Area) ဖြစ်နေသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်က ဆိုင်းငံ့ထားရန် ပြောဆိုထားပြီး NCA လက်မှတ်ရေးထိုးထားသည့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကလည်း ၎င်းအချက်ကို လက်ခံနိုင်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
သို့သော် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလ ၂၄ ရက်မတိုင်မီ မကျင်းပဖြစ်ပါက ရခိုင်လူမျိုးများကို ကိုယ်စားပြုသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ သယံဇာတ ဆိုင်ရာ စာတမ်းများကို ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် တင်သွင်းနိုင်မည် မဟုတ်ဟု သိရသည်။
UPDJC သည် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးအတွက် တာဝန်ယူထားရသည့် ကော်မတီတရပ်ဖြစ်သည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ အနိုင်ရပါတီများနှင့် ပူးပေါင်းပြီး ၂၁ရာစု ပင်လုံ အစည်း အဝေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်အကြား ပြုလုပ်ကာ ပြည်ထောင်စုအဆင့်တွင် ဆွေးနွေးရန် စာတမ်းများ ပြင်ဆင်ရမည် ဖြစ်သည်။