ငပလီ ကမ်းခြေသာယာ လှပရေးအတွက် အမှိုက်ကင်းစင်ရေးသည် ပိုမိုအရေးကြီးလာပြီး တနှစ်ထက် တနှစ် စိုးရိမ်စရာ ဖြစ်နေကြောင်း ငပလီကမ်းခြေ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးရေး ဒုတိယအကြိမ် ဆွေးနွေးပွဲမှ သိရသည်။
ပြီးခဲ့သည့် မေလ ၈ ရက်မှ ၉ ရက်နေ့အထိ ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း (HSF)၊ မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန (MCRB) နှင့် Myanmar Responsible Tourism Institute (MRTI) တို့ပူးပေါင်းကာ ငပလီ ကမ်းခြေ ဒေသအတွက် ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ဒုတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်အပါအဝင် ပြည်နယ်အစိုးရများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ဈေးဆိုင်နှင့် စားသောက်ဆိုင်ပိုင်ရှင်များ၊ ငါးဖမ်းလုပ်ငန်းလုပ်ကိုင် သူများ ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်သူများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများ စုစုပေါင်း ၈၀ခန့် တက်ရောက်ခဲ့သည်။
တက်ရောက်လာသူများ၏ ၃၉ ရာခိုင်နှုန်းက ငပလီကမ်းခြေ၏ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ရသည့် ပထမဦးစားပေးမှာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စရပ်ဟု ဆိုလိုက်ပြီး ယခင်နှစ် များထက်ပင် ယခုနှစ်သည် ပို၍ စိုးရိမ်စရာ ဖြစ်နေသည်ဟု ပြောကြောင်း ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်း(HSF) ၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၆ ခုနှစ်က ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲတွင်လည်း တက်ရောက်လာသူများ၏ ၂၉ ရာခိုင်နှုန်းက အမှိုက်ကင်း စင်ရေးကိုပင် ထောက်ပြခဲ့သည်။
ယခုနှစ်တွင် ဒုတိယ စိုးရိမ်စရာကောင်းသည့် အချက်မှာ ကမ်းခြေမှ သဲများထုတ်ယူခြင်း နေခြင်း တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က’’ ငပလီနဲ့ ရခိုင်ဒေသ က ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ကာဒေသ စီးပွားရေးကို ပံ့ပိုပေးနိုင်တဲ့ ရတနာတခု ဖြစ်တယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်း အရှည်တည်တံ့ဖို့ လိုတယ်။ လည်ပတ်၊ နေထိုင်စရာ ကောင်းမွန်တဲ့ ဒေသတခုဖြစ်အောင် အကုန်လုံး ပူးပေါင်း လုပ်ဆောင်ရမှာ ဖြစ်တယ်’’ဟု ပြောသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ငပလီကမ်းခြေသို့ ခရီးသွား အရေအတွက် ပိုမို ဝင်ရောက်နိုင် ရန် လေဆိပ်နှင့် လေယာဉ်ပြေးလမ်း တိုးချဲ့ရေး မတိုင်မီ အမှိုက်ကိစ္စကို ဦးစွာဖြေရှင်းရမည့် ကဏ္ဍ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဒေသဖွံ့ဖြိုးရေးအတွက် မူဝါဒနှင့် ဆုံးဖြတ်ချက်များသည် ဒေသခံပြည်သူများ ပါဝင်နိုင်မှု နည်းပါးခြင်းမှာ ဒုတိယ စိုးရိမ်စရာဖြစ်သည့် အချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ငပလီ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစောလွင်က အမှိုက်ပုံ မြေနေရာအတွက် မြေ ၃ ဧကကို လက်ရှိတွင် ဝယ်ယူထားပြီး အမှိုက်ကိစ္စ ဖြေရှင်းရမည့် အခက်အခဲများကိုု ဆွေးနွေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။
ယင်းအပြင် ကမ်းခြေမှ သဲထုတ်ယူခြင်း ကိစ္စတိုက်ဖျက်ရေးနှင့် ဒီရေတောထိန်းသိမ်းရေး ကိစ္စများကဲ့သို့သော အခြားသဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး အရပ်ဖက်အဖွဲ့စည်းများမှလည်း ယင်းကိစ္စများတွင် ပူးပေါင်း ပါဝင်လုပ်ဆောင်သွားရန် ဆွေးနွေးတင်ပြ ခဲ့ကြောင်း သိရသည်။
မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူမှု ရှိရေး အထောက်အကူပြု ဌာန (MCRB) ၏ ဒါရိုက်တာဖြစ်သူ Vicky Bowman က “ငပလီတွင် ခရီးသွားများ သွားလာလည်ပတ်သည့် နေရာများသာမက ကျေးလက်နှင့် ရပ်ကွက်များ လူနေအိမ်များပါ အမှိုက်များ သိမ်းဆည်းမှုကို ဝယ်ယူထားသည့် မြေနေရာမှာ စွန်ပစ်နိုင်ဖို့ အရှိန်မြင့် လုပ်သွားမှာကို ကျေနပ်ပါတယ်။ အမှိုက်ကင်းစင်တဲ့ မြေနေရာ ဖြစ်ဖို့အတွက် ဒေသမှာရှိတဲ့ စီးပွားရေး လုပ်ငန်းလုပ်ကိုင်တဲ့ သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လဲ လိုပါတယ်’’ဟု ပြောသည်။