သတင်း

လျှပ်စစ်သုံးစွဲမှုအလိုက် မီတာခပြောင်းလဲသတ်မှတ်မည်

Want create site? Find Free WordPress Themes and plugins.

လျှပ်စစ်ဓာတ်အား အသုံးပြုမှုအပေါ်မူတည်ပြီး မီတာခများ ပြောင်းလဲကောက်ခံရန်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့တွင်ပြောဆိုလိုက်သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က “ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းတွေ ပြောင်းလဲဖို့ ရှိတယ်။ အဲဒီလိုပြောင်းလဲတဲ့အခါမှာ ဘယ်နေရာမှာ ဘယ်သူတွေ ဘယ်လောက်အထိ သုံးတယ်ဆိုတဲ့ အဆင့်ပေါ်မှာ မူတည်ပြီး ကျနော်တို့ဆုံးဖြတ်ရမှာ ဖြစ်တယ်” ဟု နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ပြုလုပ်သည့် လစဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဓာတ်အားသုံးစွဲမှုစနစ်မှာ အိမ်သုံး၊ စီးပွားရေးသုံး၊ ကုန်သွယ်ရေးသုံးဟူ၍ အလွှာ ၃ မျိုး ခွဲခြားထားပြီး၊ ဓာတ်အားသုံးစွဲခကို အလွှာအလိုက် ခွဲခြားကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် နှုန်းထားအတိအကျကို ဆွေးနွေးညှိနှိုင်းဆဲ ဖြစ်သည်ဟု ဦးဌေးအောင်က ဆက်ပြောသည်။

ပြောင်းလဲသတ်မှတ်မည့် မီတာခနှုန်းထားများကို လွှတ်တော်မှတဆင့် ပြည်သူများထံ အသိပေး ချပြသွားမည်ဖြစ်ကြောင်း ဦးဌေးအောင်က ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စွမ်းအင်နှင့်လျှပ်စစ်ဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် ပညာရှင်များပါဝင်သည့် လျှပ်စစ်ဓာတ်အားခနှုန်းထား သတ်မှတ်ရေးဆိုင်ရာ အစည်းအဝေးကို မေလ ၈ ရက်က နေပြည်တော်တွင် ဒုတိယအကြိမ် ကျင်းပခဲ့သည်။ လျှပ်စစ်ဓာတ်အားခနှုန်းထား သတ်မှတ်ရေးဆိုင်ရာ ပထမအကြိမ် ဆွေးနွေးပွဲကို ဧပြီလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည်။

လျှပ်စစ်စွမ်းအား စီမံကိန်းဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးမြင့်ဦးက “ဈေးနှုန်းသတ်မှတ်တဲ့ကိစ္စက တိုင်း၊ပြည်နယ်နဲ့ ညှိနှိုင်းဆဲဖြစ်ပြီး ပြည်သူကို ရှင်းပြပြီးသွားရင် အထက်အဆင့်ကိုတင်ပြပြီး ဈေးနှုန်းညှိမှာပါ”ဟု ပြောသည် ။

သမ္မတဦးသိန်စိန်အစိုးရ လက်ထက်အတွင်းက မီတာခများ တိုးမြှင့်ကောက်ခံရန် စီစဉ်ခဲ့သော်လည်း ပြည်သူများ ကန့်ကွက်မှုကြောင့် ပြောင်းလဲသတ်မှတ်ရန် မအောင်မြင်ခဲ့ပေ။
ယခု NLD အစိုးရလက်ထက်၌ လျှပ်စစ်ဓာတ်အားခ ပြောင်းလဲသတ်မှတ်ရန် စီစဉ်နေမှုနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက “လစာမတိုးဘဲ မီတာခတွေ၊ အခွန်အခတွေပဲ တိုးနေမယ်ဆိုရင် ကျနော်တို့လည်း ဝန်ထမ်းအလုပ်အပြင် တခြားဘေးပေါက်ရမယ့် အလုပ်မျိုးပါ ရှာလုပ်ရတော့မှာ။ အခုကမီတာခပဲ တလကို ကျပ် ၁ သောင်းကျော် ဆောင်နေရတာ” ဟု ပြောသည်။

လက်ရှိကောက်ခံနေသည့် မီတာခနှုန်းထားများမှာ အိမ်သုံးမီတာ ၁၀၀ ယူနစ်အထိအသုံးပြုလျှင် ၃၅ ကျပ်၊ ယူနစ် ၁၀၁ မှ ၂၀၀ အထိသုံးလျှင် ၄၀ ကျပ်၊ ယူနစ် ၂၀၁ မှအထက်သုံးလျှင် ကျပ် ၅၀ ဟု သတ်မှတ်ထားသည်။ စက်မှုလုပ်ငန်းများ၌ ယူနစ် ၅၀၀ အထိ ၁ ယူနစ်လျှင် ၇၅ ကျပ်၊ ယူနစ် ၅၀၁ မှ ၁,၀၀၀၀ အထိသုံးလျှင် ကျပ် ၁၀၀၊ ယူနစ် ၁၀,၀၀၁ မှ ၅၀,၀၀၀ အထိသုံးလျှင် ၁၂၅ ကျပ်အဖြစ် အသီးသီးသတ်မှတ်ထားသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကဏ္ဍတွင် အစိုးရက နှစ်စဉ် ကျပ် ၃၃၃ ဘီလီယံနီးပါး အရှုံးခံစိုက်ထုတ်နေရပြီး တနိုင်ငံလုံး လျှပ်စစ်သုံးစွဲမှု၏ ၃၇ ရာခိုင်နှုန်းသာ ဖြန့်ဖြူးပေးနိုင်သေးကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန် ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading