မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်တွင် နှစ်စဉ် ကျင်းပလေ့ရှိသည့် သမိုင်းဝင် အလိုတော်ပေါက် ဘုရားပွဲ ကျင်းပစဉ် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း သတင်းရရှိ သည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့ ညကဘုရားပွဲကို တာဝန်ခံ ကျင်းပသည့် မြောက်ရွာမ ရွာသားများနှင့် လာရောက်ကြည့်ရှုသည့် တောင်ရွာမ ရွာသားများ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားစဉ် ၁ဦး သေဆုံးကာ ဆေးရုံတွင် တဦး ထပ်မံသေဆုံးခြင်း ဖြစ် ကြောင်း သိရသည်။
တောင်ရွာမ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းက “ကျနော်တို့ဆီမှာ သံဃာ၊ ရွာလူထုနဲ့ ရွာအချင်းချင်း မညီညွှတ် လို့ ဒီပွဲကို မကျင်းပဖို့ တားခဲ့သေးတယ်။ ဒါပေမယ့် ဂေါပကအဖွဲ့က အာမခံလို့ ပွဲကျင်းပခွင့်ကို ကျနော် လက်မှတ်ထိုးလိုက် ရတာ။ အခုက နှစ်ဘက် ဖြစ်ကြတာ။ တဖက်တယောက်ဆီ သေသွားကြတယ်။ ဆေးရုံမှာလည်း ၆ ယောက်လောက် ရှိသေးတယ်” ဟု ပြောသည်။
အခင်းဖြစ်ပွားသည့် ညက ဘုရားပွဲသို့ တောင်ရွာမ ရွာသား ၁၀ ဦးခန့် လာရောက် ကြည့်ရှုစဉ် မြောက်ရွာမ ရွာသားတချို့ ဝင်ရောက်လာပြီး လူငယ် သဘာဝ တွန်းတိုက် ကကြရာမှ စတင် စကားများခဲ့ကြခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ဘုရားပွဲအနီး ဆန်စက်ဟောင်းအတွင်း၌ ထပ်မံဖြစ်ပွားရာ တောင်ရွာမ ရွာသားတချို့ ထွက်ပြေးရပြီး မပြေးနိုင်သည့် တောင်ရွာမရွာမှ အသက် ၃၀ အရွယ် ကိုရန်နိုင်အောင်မှာ ဦးခေါင်း ပေါက်ပြဲ ဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားစဉ်မှာပင် သေဆုံးသွားခဲ့ကြောင်း တောင်ရွာမ အုပ်ချုပ်ရေးမှူးက ပြောသည်။
အခြား မြောက်ရွာမ ရွာသား အသက် ၄၀ ခန့်ရှိသူ ဦးသန်းဇော်ဝင်းမှာလည်း ခိုက်ရန်ဖြစ်ပွားစဉ် ရရှိသည့် ဒဏ်ရာဖြင့် ဆေးရုံသို့ အရောက်တွင် ဆုံးပါးသွားခဲ့ရသည်ဟု သိရသည်။
ဆိပ်ဖြူမြို့နယ် ဒုရဲမှူး မြင့်အောင်ထွန်းက “ အမှုဖြစ်ပြီးတော့ ၂ ယောက် သေတယ်။ ၇ ယောက်လောက် ဒဏ်ရာရတယ်။ ဆေးရုံမှာ ၄ ယောက်လောက် ရှိသေးတယ်။ အမှုကို ပုဒ်မ ၃၀၂၊ ၃၂၅ တို့နဲ့ ဖွင့်ထားတယ်။ ကျန်တာတော့ ရဲလုပ်ငန်း အတိုင်း ဆက်လိုက်နေတယ်။ အကုန် မပြောနိုင်သေးဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်က တောင်ရွာမ၊ မြောက်ရွာမနှင့် ဆိုက်ခမ်းရွာ ၃ ရွာပေါင်း၍ ဘုရားပွဲကို ကျင်းပနိုင်ခဲ့သော်လည်း လွန်ခဲ့သည့် ၂ နှစ်မှစ၍ ဘုရားပွဲကို မြောက်ရွာမ ကျေးရွာကသာ ဦးဆောင်ကျင်းပခဲ့ကြောင်း၊ တောင်ရွာမမှာ အိမ်ခြေ ၃၅၀ ကျော်ရှိ၍ မြောက်ရွာမမှာ အိမ်ခြေ ၂၀၀ ကျော် ရှိကြောင်း၊ မြောက်နှင့် တောင် ၂ ခု ပေါင်း၍ တောင်ရွာမ အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ကျေးရွာ ၂ ခုကြား လမ်းဖောက်လုပ်မှုနှင့် ပတ်သက်၍ နှစ်ဖက်အခဲမကျေဘဲ ရှိသဖြင့် ဘုရားပွဲကို ယခုနှစ်တွင် မကျင်း ပရန် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့နှင့် မြို့နယ် လဝက အရာရှိများကို ခေါ်ယူ၍ ယင်းရွာသို့ သွားရောက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ဆိပ်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်က ပြောသည်။
အလိုတော်ပေါက် ဘုရားပွဲကို နှစ်စဉ် ကဆုန်လဆန်း ၁၂ ရက်မှ လပြည့်နေ့အထိ (မေလ ၇ရက်နေ့မှ ၁၀ရက်နေ့အထိ) ကျင်းပသည်။