ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟောင်းက မိမိတို့ဖောင်ဒေးရှင်းသို့ ကျပ်ငွေ ၅ ဒဿမ ၂ ဘီလီယံကို လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျန်းမာပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း( ယခင် ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဟောင်း) က ပြောသည်။
ပုသိမ်မြို့၌ ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမောင်မောင်ဝင်းက “ကျနော်တို့ ဖောင်ဒေးရှင်းဆီကို လွှဲပြောင်းလှူဒါန်းပေးခဲ့တဲ့ငွေက ကျပ် ၅ ဒဿမ ၂ ဘီလီယံ ဖြစ်တယ်။ ဒီငွေတွေကို ကျနော်တို့ စာရင်းဇယားတွေနဲ့ စနစ်တကျ လက်ခံရယူခဲ့တယ်။ ပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုထားတာတွေလည်း ရှိတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် အစိုးရအဖွဲ့လက်ထက်၌ ဧရာဝတီတိုင်းဒေသကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအမည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ထည့်ဝင်စေခြင်း၊ အနုပညာဂီတ ဖျော်ဖြေပွဲများ ပြုလုပ်၍ ရန်ပုံငွေရှာဖွေ ဆောင်ရွက်ခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက် တိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်အစိုးရအဖွဲ့ တာဝန်မှအနားယူရချိန်တွင် တိုင်းအစိုးရအဖွဲ့က လှုပ်ရှားဆောင်ရွက်ခဲ့သည့် ဖောင်ဒေးရှင်းကို ဖျက်သိမ်း၍ ဧရာဝတီတိုင်းဒေသကြီး ကျန်းမာပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖြစ် အသစ်ပြန်လည် ဖွဲ့စည်း၍ ယခင်ဖောင်ဒေးရှင်းဟောင်းမှ ရန်ပုံငွေများကို ဖောင်ဒေးရှင်းအသစ်ထံ လွှဲပြောင်းလှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
လှူဒါန်းငွေများနှင့် ပတ်သက်ပြီး ဦးမောင်မောင်ဝင်းက “ဖောင်ဒေးရှင်းအနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ လုပ်ငန်းအကျိုးတူ လုပ်ကိုင်ထားတာ ၁ ဒဿမ ၂ ဘီလီယံ ရှိတယ်။ ကျေးလက်ဒေသ မီးလင်းရေးအတွက် ကျပ်သိန်း ၄,၂၂၀ ကို မြို့နယ်ပေါင်း ၂၀ မှာ ချေးပေးထားတယ်။ ကျန်ငွေ သိန်း ၈,၀၀၀ ကျော်ကို ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းရှင်တွေနဲ့ အကျိုးတူလုပ်ကိုင်ထားတယ်။ ငွေတွေကို မဆုံးရှုံးအောင် စာချုပ်စာတမ်းနဲ့ လုပ်ကိုင်ထားပြီး အကျိုးအမြတ်ကိုလည်း ဘဏ်တိုးထက်ပိုရအောင် လုပ်ထားပါတယ်” ဟု ပြောသည်။
လက်ရှိဖွဲ့စည်းထားသည့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ဥက္ကဋ္ဌအဖြစ် ယခင်တိုင်းအစိုးရအဖွဲ့တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးမောင်မောင်ဝင်း၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းပညာရေးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးကြည်အောင်တို့က တာဝန်ယူထားသည်။ ဖောင်ဒေးရှင်းကို ပြည်ထဲရေးဌာနတွင် တရားဝင်မှတ်ပုံတင်ထားပြီး နာယကများအဖြစ် ဝန်ကြီးချုပ်ဟောင်းဦးသိန်းအောင်နှင့် တိုင်းဝန်ကြီးဟောင်းများက ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။
ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကြည်အောင်က “ ဖောင်ဒေးရှင်းအနေနဲ့ အခြေခံပညာကနေ အဆင့်မြင့်ပညာတက်ဖို့ ငွေကြေးခက်ခဲနေတဲ့ ကျောင်းသားတွေကို ကူညီထောက်ပံ့နေတယ်။ ကျန်းမာရေးချို့တဲ့သူတွေ၊ ခွဲစိတ်ဖို့ လိုအပ်သူတွေကိုလည်း ငွေကြေးထောက်ပံ့တာတွေ လုပ်နေတယ်။ ပြီးတော့ သဘာဝဘေးဖြစ်လာခဲ့ရင် ဖောင်ဒေးရှင်းငွေနဲ့ ကူညီပေးဖို့နဲ့ ဒေသဖွံ့ဖြိုးရေး ဘက်စုံလုပ်ငန်းတွေမှာလည်း လိုအပ်ရင် ဖောင်ဒေးရှင်းငွေ သုံးစွဲသွားဖို့ ရေရှည်လုပ်ငန်းစဉ် ချမှတ်ထားတယ်” ဟု ပြောသည်။
ဒုတိယအကြိမ် ဧရာဝတီတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများနှင့် ပတ်သက်ပြီး ဖျာပုံမြို့နယ် အမှတ် – ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ရာမှ ယခုကဲ့သို့ တိုင်းအစိုးရအဖွဲ့ဟောင်း၏ ငွေကြေးကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုသို့မေးမြန်းမှုနှင့် ပတ်သတ်ပြီး လက်ရှိဧရာဝတီတိုင်း အစိုးရ လမ်းပန်းဆက်သွယ်ရေးနှင့် ယာယီဘဏ္ဍာရေးဝန်ကြီး ဦဝင်းဌေးက ကျန်းမာပညာဖောင်ဒေးရှင်းအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက “ ငွေကြေးက ၅ ဒဿမ ၂ ဘီလီယံဆိုတာ ပေါ်ထွက်လာတဲ့အတွက် ပြည်သူပိုင်တဲ့ ဒီငွေကြေးတွေဟာ တကယ်ရှိခဲ့တယ်ဆိုတာ ပေါ်လွင်သွားတာပေါ့။ ဒီပိုက်ဆံတွေဟာ မူရင်းပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူတွေဆီ ပြန်ရောက်ပါစေလို့ပဲ ဆုတောင်းပါတယ်” ဟု ပြောသည်။