ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊မြယာကုန်းရပ်ကွက်အတွင်း မေလ ၉ ရက်ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်မှန်ကို စစ်ဆေးအရေးယူ ဆောင်ရွက်ပေးရန် မျိုးချစ်ရဟန်းတော်များ သမဂ္ဂအဖွဲ့ဝင်များ ပြောဆိုသည်။
မကွေးကျောင်းဆရာတော် ဦးပါမောက္ခက“ရဲတွေ၊ ဥပဒေ အရာရှိတွေ၊ လဝကတွေက ဥပဒေအတိုင်း တာဝန်ကျေပွန်အောင်လုပ်ရင် အခုလို ဘုန်ကြီးတွေ ရဲစခန်းသွားစရာ မလိုဘူး။ အမျိုးသားအင်အားစုတွေက မှားရင် ဥပဒေအတိုင်း အရေးယူပါ။ တဖက်သူတွေကပဲ ဥပဒေမဲ့နေသလား စစ်ဆေးပြီးအရေးယူပါ”ဟု ရန်ကုန်မြို့ City Star Hotel ၌ ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိန့်သည်။
မျိုးချစ်ရဟန်းတော်များ သမဂ္ဂအဖွဲ့ဝင်များက မေလ ၉ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန်မြို့နယ်၊ မြယာကုန်းရပ်ကွက်၊ ၁၂၂ လမ်းရှိ နေအိမ်တခုတွင် ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေသည်ဟုဆိုကာ ရဲစခန်းနှင့် ရပ်ကွက်တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာမှ ရပ်ကွက်အတွင်း နေထိုင်သူတချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်အပေါ် စစ်ဆေးရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လိုက်ပါခဲ့သည့် အမျိုးသားရေး အင်းအားစုများက နေအိမ်တအိမ်ပေါ်တွင် သက်သေအထောက်အထား မပြနိုင်သူ ၂ ဦးကို တွေ့ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကို စခန်းသို့ခေါ်ယူစစ်မေးခြင်း မပြုလုပ်ခဲ့ကြောင်း ပြောသည်။
နေအိမ်ပေါ်စစ်ဆေးရာတွင် ပါဝင်သူ ကိုဟိန်းဆိုသူက “မှတ်ပုံတင်လဲ မပြနိုင်ဘူး။ အိမ်ထောင်စု စာရင်းထဲလည်း မပါဘူး။ ဗမာလိုပြောတော့လည်း ပြန်မပြောဘူး။ ဒါကိုကျနော်တို့ဘက် လူကြီးတွေက စခန်းခေါ်သွားဖို့ ပြောတယ်။ စခန်းမှူးက ဒါငါတို့အလုပ်လို့ ပြောတယ်၊ လဝကကလည်း သူတို့က ပြေးမှာမဟုတ်ဘူး။ ငါတို့ကြိုက်တဲ့အချိန် ခေါ်လို့ရတယ် ပြောတယ်” ဟု ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်ရောက်ရှာဖွေခြင်းခံရသည့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းက စစ်ဆေးမှုတွင် အထောက်အထားမဲ့ နေထိုင်သူများမရှိကြောင်း ပြောဆိုခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လတ်တလောတွင် နှစ်ဖက်ငြင်းဆို ပြောကြားမှုများရှိနေပြီး အမှန်တကယ် ဦးဆောင်စစ်ဆေးခဲ့သည့် မင်္ဂလာတောင်ညွန့် ရဲစခန်းတာဝန်ရှိသူတဦးက စစ်ဆေးရာတွင် အထောက်အထားမဲ့ နေထိုင်သူများ မတွေ့ရကြောင်း ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်တရားရုံးက ဦးတင်ထွဋ်ဇော် အပါအဝင် ၇ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပြီး ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရသည်အထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့သူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးရန် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။