ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ ၏ အချက်အခြာကျရာ လမ်းတခုဖြစ်သည့် တရုတ်တန်းလမ်းရှိ ဒေါင်းမင်းအင်တာနက်ဆိုင် အား ယမန်နေ့ ည ၉ နာရီခန့်က လူသတ်မှု ဖြင့် အလိုရှိနေသူ တရားခံပြေး အပါအဝင် လူ ၂ ဦး က တန်ဖိုးငွေ သိန်း ၃၀ ကျော်ဖိုးကို ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်မြို့ တရုတ်တန်းလမ်း၊ လမ်းမတော်လမ်းနှင့် လမ်းရှည်လမ်းကြားရှိ ဒေါင်းမင်းအင်တာနက်ဆိုင်ရှိ ဆိုင်ဝန်ထမ်း ကိုစွမ်းထက်လင်း ထံမှ လူသတ်မှု၊ ဓားထိုးမှုများဖြင့် အလိုရှိသူ ဝက်လေး ဆိုသူနှင့် အပေါင်းအပါ ၁ ဦးက လက်ပ်တော့ ကွန်ပျုတာတလုံး၊ ဟမ်းဖုန်း ၂ လုံးနှင့် ငွေကျပ် ၁၃၀၀၀၀ တို့ကို ဓားထောက်လုယူခဲ့ကြောင်း၊ ဆိုင်ပိုင်ရှင် ဦးအောင်လွင်က ဆိုင်တွင်းသို့ ဝင်လာစဉ် ဓားဖြင့် ထပ်မံထောက်ကာ လုယက်သည့်အတွက် ငွေကျပ် ၁၅ သိန်း ပေးလိုက်ရကြောင်း ၎င်းဆိုင် ဝန်ထမ်း ကိုစွမ်းထက်လင်းက ပြောသည်။
“သူတို့ကို ကျနော်သိတယ်။ နည်းနည်း ခင်တယ်။ သူ နာမည် ဝက်လေးလို့လည်း ခေါ်တယ်။ သူကဝင်လာပြီး ကျနော့်ကို အရင်ဓားနဲ့ ထောက်တာ။ ကျနော်က စတယ် ထင်နေတာ။ နောက်တော့ ပိုက်ဆံတွေယူတော့တာပဲ။ ပိုက်ဆံယူတာ က တယောက် ” ဟု ကိုစွမ်းထက်လင်းက ရှင်းပြသည်။
အနုကြမ်းစီးရာတွင် ပါဝင်သည့် ဝက်လေး ဆိုသူမှာ လူသတ်မှု၊ ဓါးထိုးမှုများဖြင့် တရားခံပြေး အဖြစ် အလိုရှိနေသူ ဖြစ်ရာ ရဲတပ်ဖွဲ့ဝင်များမှ ညတွင်းချင်း လိုက်လံဖမ်းဆီး ရှာဖွေနေပြီး အင်တာနက်ဆိုင်ပိုင်ရှင် ဦးအောင်လွင်မှ ပြည်မြို့ အမှတ် ၁ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။