တောင်သမန်အင်းကို ယခုဘဏ္ဍာနှစ်မှစ၍ ငါးဖမ်းခွင့်လေလံ မပေးတော့ဘဲ ဒေသခံများ လုပ်ကိုင်နိုင် မည့်“ဘုံစားအင်း” အဖြစ် သတ်မှတ်လိုက်ကြောင်း သိရှိရသည်။
တောင်သမန်အင်းကို တနှစ်ပတ်လုံး ရေများလှောင်ကာ ငါးဖမ်းခွင့် မပြုတော့ဘဲ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သုံးပန်လှ သဘာဝအလှအတိုင်း ထားရှိနိုင်ရန်နှင့် ဒေသခံများအတွက် တနိုင်တပိုင် ရှာဖွေစားနိုင်မည့် အင်းတခုအဖြစ် ထားရှိရန် ယခု မေလဆန်းမှ စတင် သတ်မှတ်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းက ဧရာဝတီကို ပြောသည်။
ဝန်ကြီးက “ဘုံစားအင်း ဖြစ်သွားပြီဆိုတော့ အင်းကြီး ရေရှည်ပြုပြင် ထိန်းသိမ်းဖို့ ကိစ္စကိုတော့ ကော်မတီကပဲ ဆက် တာဝန်ယူ လုပ်သွားပါလိမ့်မယ်” ဟု ပြောသည်။
ဘုံစားအင်းအဖြစ် ထားရှိမည် ဖြစ်သောကြောင့် အင်းရေရှည် ပြုပြင်ထိန်းသိမ်းရန် တောင်သမန်အင်း စောင့်ကြည့် ကြီးကြပ်မှု ကော်မတီတစ်ရပ်ကို တိုင်းအစိုးရအဖွဲ့က ပြီးခဲ့သည့် မတ်လအတွင်းက ဖွဲ့စည်းစေခဲ့သည်။
ယင်းကော်မတီ၏ အဖွဲ့ဝင် အမရပူရမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက “တောင်သမန်အင်းရဲ့ ရေထွက်ဖြစ်တဲ့ ရေတံခါးတွေကို လုံးဝမပိတ်ဖို့၊ အင်းထဲကို ဝင်လာတဲ့ ရေဆိုးတွေကို ထိန်းသိမ်း တားဆီးဖို့အတွက် လုပ်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
ကော်မတီတွင် စည်ပင်၊ ထွေအုပ်၊ ငါးလုပ်ငန်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံ မြို့မိမြို့ဖများ ပါဝင်ကြောင်း သိရသည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ အနီးပတ်ဝန်းကျင်ရှိ စက်ရုံများမှ ရေဆိုးများကို တောင်သမန်အင်း ထဲသို့ စွန့်ပစ်စေသည့်အတွက် ရေနေသတ္တဝါများ တဖြည်းဖြည်း လျော့နည်းသွားခဲ့ရာ လွန်ခဲ့သည့် နှစ် ၅၀ နှင့် နှိုင်းယှဉ်ပါက ငါးမျိုးစိတ် များ ထက်ဝက်မက ပျောက်ကွယ်သွားပြီဖြစ်ကြောင်း မန္တလေးအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် “စိမ်းရောင်စို” အရပ်ဘက် လူ့အဖွဲ့အစည်းမှ သိရသည်။
ယင်းအဖွဲ့၏ ဦးဆောင်သူ ဦးမောင်မောင်ဦးက “ကော်မတီတွေ အများကြီး ဘယ်လိုပဲဖွဲ့ဖွဲ့ ရည်ရွယ်ချက်အပေါ် အခြေ တည်တဲ့ လုပ်ဆောင်ချက်တွေ ရှိဖို့ လိုအပ်ပါတယ်။ ဘုံစားအင်း လုပ်လိုက်လို့ ဒီပြဿနာတွေက ပြီးသွားမှာတော့ မဟုတ်သေးပါဘူး။ အင်းကြီးကို ပျက်စီးစေတဲ့ အကြောင်းရင်းတွေကို သေချာစိစစ်ပြီး ရေရှည်တည်တံ့တဲ့ လုပ်ဆောင် ချက်တွေလုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်” ဟု ပြောသည်။
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်း သက်တမ်းနှစ် ၁၆၀ ရှိ ကမ္ဘာကျော် ဦးပိန်တံတားနှင့် တွဲလျက် ရှိသည့် တောင် သမန်အင်းကို ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စတင်ကာ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ရန် အင်းလေလံ ချထား ပေးခဲ့ခြင်းဖြစ်သည်။
ယင်းလေလံလုပ်ပိုင်ခွင့်ကို မန္တလေးတိုင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီက စိစစ်ချထားပေးခဲ့ရာ နှစ်ကာလကြာသည့်အခါ အင်းရေဝင်ရေထွက်ပေါက် ပိတ်ကာ ငါးများမွေးမြူခြင်း၊ အင်းအတွင်းသို့ စက်မှုဇုန်မှ ရေဆိုးများ ဝင်ရောက်ခြင်းတို့ကြောင့် အင်းထဲရှိ ငါးအကောင်ရေများစွာ မကြာခဏ သေဆုံးခြင်း၊ အင်းပတ် ဝန်းကျင်တွင် အနံ့အသက် မကောင်းခြင်းတို့ ဖြစ်ပေါ်ပြီး ဦးပိန်တံတား၏ ကြံ့ခိုင်မှုကိုပါ ထိခိုက်လာသောကြောင့် ဤကဲ့သို့ စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အင်းလေလံ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် သြဂုတ်လက ကျင်းပခဲ့သည့် ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်တွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ စ၍ အင်းလေလံ ချထားမပေးတော့ဟု စည်ပင် ဝန်ကြီးဟောင်း ဦးအောင်မောင်းက ပြောကြားခဲ့သော်လည်း အင်းလေလံချထားပေးသည့် သက်တမ်းသည် ယင်းကာလ (၂၀၁၆-၁၇ ဘဏ္ဍာ နှစ်) အထိ အကျုံးဝင်နေသောကြောင့် ယခုနှစ်မှသာ အစီအစဉ်ကို စတင် အကောင်အထည် ဖော်နိုင်ခြင်း ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။