NLD အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုချပြလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှလည်း ပိုင်ဆိုင်မှု ချပြရန် ဝန်လေးမည် မဟုတ်ကြောင်း ပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က ပြောသည်။
ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် က “ ယနေ့တည်ရှိနေသော အသင်းအဖွဲ့များ၊ ပါတီများဟာ နောက်ဆုံး ယနေ့ ပြည်သူများ အရင်က ကျယ်ကျယ်လောင်လောင် အော်ခဲ့ ကြတဲ့ အစိုးရအဖွဲ့ဝင်များနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပိုင်ဆိုင်မှုတွေရော ထုတ်ပြန် ကြေညာနိုင်တဲ့ အဆင့်ရှိပြီလား၊ အဲဒီလို ရှိခဲ့ပြီ ဆိုရင်တော့ ကျနော်တို့ဘက်ကလည်း ထုတ်ပြန်ကြေညာဖို့ဝန်လေးမှာ မဟုတ်ပါဘူး” ဟု ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်က ယနေ့နေပြည်တော် ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ရုံးချုပ်) တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုလိုက်သည်။
လက်ရှိ ဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းများ၏ ရန်ပုံငွေ အရှုပ်တော်ပုံကိစ္စများ သည် ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ၊ အစိုးရအဖွဲ့ဝင်ဟောင်းများသည် ဥပဒေနှင့်မညီလျှင် ဥပဒေအရ ဆောင်ရွက်နိုင်ကြောင်း USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒလှမြင့်က ပြောသည်။
ဒေါက်တာ နန္ဒာလှမြင့်က “ ဒီလိုမျိုးကိစ္စကို အကြောင်းတည်ပြီးတော့မှ လော်ဘီလုပ်နေတဲ့ အဖွဲ့တွေ ကျနော်တို့ အပေါ်မှာ အမြင်မှား၊ အထင်မှားနေတဲ့ အဖွဲ့ အစည်းပေါင်းစုံတွေက ကျနော်တို့ပါတီကို သူခိုးပါတီ ဆိုပြီး ပါတီ နဲ့ လူကိုတွဲပြီး ပုံရိပ်ဖျက်တာသည် ပါတီရဲ့ ဂုဏ်သိက္ခာနဲ့ ကျနော်တို့ရှေ့ရေးကို ထိခိုက်တယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေက မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသားငြင်းတာပါ” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းကမူ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၏ ပိုင်ဆိုင်မှုအား ပြည်သူထံ ချပြထားခြင်း မရှိသေးကြောင်း၊ NLD ပါတီ အနေ ဖြင့် ပိုင်ဆိုင်မှုများအား ချပြရန် ဥပဒေအရ ပြဋ္ဌာန်း ထားခြင်း မရှိသဖြင့် ချပြရန် အစီအစဉ် မရှိသေး ကြောင်း၊ ပိုင်ဆိုင်မှုကို တောင်းဆိုမည်ဆိုပါကလည်း ပြည်သူများက ဥပဒေအရ တောင်းဆိုရမည်ဖြစ်ကြောင်း၊ ဥပဒေကို ဆန့်ကျင် တောင်းဆို၍ မရကြောင်း ဧရာဝတီသို့ပြောသည်။
ဦးဉာဏ်ဝင်းက “ဥပဒေမှာ အဲဒီ ပိုင်ဆိုင်မှုကို ချပြဖို့ ပါမှ မပါပဲ၊ ဘယ်လိုလုပ်ချပြရမလဲ၊ ဥပဒေအရ ကိုယ်စားလှယ် တွေက ပစ္စည်းပိုင်ဆိုင်မှုကို စာရင်းပြုစုပြီး တင်ပြရမယ်၊ တင်ထားရင် ဒီက သိမ်းထားဖို့ပဲ အကြောင်းတခုခုရှိရင် သုံးဖို့။ အဲဒီတော့ ချပြဖို့ ဆိုတာ က ဘာအတွက် ချပြရမှာလဲ အကျိုးအကြောင်းရှိရမှာပေါ့ ၊ ဘာမှ လောလောဆယ် ပြစရာ အကြောင်းမရှိသေးပါဘူး” ဟုပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကလည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အန္တရာယ်ရှိနိုင်သဖြင့် ပိုင်ဆိုင်မှုများကို အများပြည်သူသိအောင် ချပြမည်မဟုတ်ကြောင်း လွှတ်တော်တွင် ပြောဆိုခဲ့ဖူးသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLD အစိုးရသစ်သို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်း က သန်း ၇၀၀၀ ကျော် စာရင်းရှင်းလင်းရန် စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက အစိုးရသစ်သို့ ငွေများ ပြန်လည်ပေးသွင်းခဲ့သည်။ ဧရာဝတီတိုင်း အစိုးရ အဖွဲ့ဟောင်းက အစိုးရအဖွဲ့သစ်သို့ စာရင်းရှင်းလင်းရန် ငွေကျပ် ၅ ဘီလီယံ ကျော် ရှိနေပြီး အဆိုပါ ငွေများအားလုံးကို ဖောင်ဒေးရှင်း တခုသို့ လှူဒါန်းထားသည်ဟု အကြောင်းပြချက် ပေးထားသည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က အစိုးရဝန်ထမ်းများ၏ ဌာနတွင်း အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည့်အတွက် အစိုးရအရာရှိများ၏ ပိုင်ဆိုင်မှုကို ချပြရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုများ ရှိခဲ့သော်လည်း “လတ်တလော ချပြရန် အစီအစဉ် မရှိ” ဟုသာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဘက်က ဖြေကြားခဲ့သည်။