နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားရေး လှုပ်ရှားသူ ၄ ဦးကို ကမာရွတ်မြို့နယ်တရားရုံး တွင် ပြုလုပ်သည့် ယနေ့ရုံးချိန်းတွင် အာမခံ ပယ်ချကာ ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။
ဖမ်းဆီးခံထားရသူများမှာ ဝင်းကိုကိုလတ်၊ သက်မျိုးဦး၊ နောင်တော်လေးနှင့် ကိုရန်ကုန်(ခ) နေဝင်းအောင်ဆိုသူတို့ဖြစ်ပြီး အမှုတွဲပါဝင်သည့် သံဃာ ၃ ပါး ဖြစ်သည့် ဦးပါမောက္ခ၊ ဦးဉာဏဓမ္မနှင့် ဦးသုစိတ္တ တို့မှာ ရုံးချိန်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
လက်ရှိတွင် ပုဒ်မ ၅၀၅ (ခ) အရ တရားစွဲဆို ခံထားရသည့် သံဃာ ၃ ပါးနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်မည့် အခြေအနေအပေါ် တာဝန်ရှိသူများကထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။
၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက ရိုဟင်ဂျာအသုံးအနှုန်းဆန့်ကျင်ကြောင်း အမေရိကန်သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှု ကြောင့် အမျိုးသားရေးလှုပ်ရှားသူများဖြစ်သည့် ဆရာတော်ဦးပါမောက္ခ၊ ဦးဉာဏဓမ္မနှင့် ဦးသုစိတ္တတို့အပါအဝင် လူပုဂ္ဂိုလ် လေးဦးကိုပါ ကမာရွတ်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးမှ တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
လက်ရှိဖမ်းဆီးခံရသူများသည် အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုကြောင့် ကမာရွတ်မြို့နယ်တရားရုံး၌ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့်လည်းကောင်း၊ ဗဟန်းတရားရုံးတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရပြီး ဦးသုစိတ္တသည် မင်္ဂလာတောင်ညွန့်ရုန်းရင်းဆန်ခတ်မှုတွင် ဆူပူအောင် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ဂ) အရ တရားစွဲခံထားရသည်။
ဆက်စပ်ဖတ်ရှုရန်- အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၇ ဦး ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံရ