စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြရာတွင် တပ်မတော်နှင့် တပ်မတော်သား မိသားစုဝင်များအား ဂုဏ်သိက္ခာ ထိခိုက်စေသည့် ကိစ္စများ ထည့်သွင်းကပြသည်ဟုဆိုကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် ကျောင်းသား ၉ ဦးအနက် ၂ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ပုသိမ်မြို့နယ်တရားရုံးက ယနေ့ စွဲချက်တင်ခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ဇန်နဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော သဘောထားဆိုင်ရာ ဆွေးနွေးပွဲ၌ ပြဇာတ်ကခဲ့ရာတွင် အဓိက သရုပ်ဆောင်သူ ၂ ဦးဖြစ်သည့် ကျောင်းသား ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက်တို့အား အသရေဖျက်မှုဖြင့် စွဲချက်တင်ကြောင်း ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ကျန်ကျောင်းသား ၇ ဦးကို အမှုမှ တရားရှင် လွှတ်ပေးခဲ့သည်။
“အစကတည်းက တပ်မတော်ကို ရည်ရွယ်တာ မဟုတ်ဘူး။ ပြဇာတ် တခုလုံးရဲ့ရည်ရွယ်ချက်က ကျနော်တို့ ငြိမ်းချမ်းရေးကို လိုချင်တယ်၊ စစ်ပွဲတွေကို အလိုမရှိဘူး၊ စစ်ပွဲထောက်ခံပွဲက ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆန့်ကျင်တဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် စစ်ပွဲထောက်ခံပွဲကို သရော်တဲ့ပုံစံနဲ့ ကပြခဲ့တာ ဖြစ်တယ်။ ဒီအပေါ်မှာ တပ်မတော်က နားလည်မှု လွဲမှားပြီး တရားစွဲတာကတော့ စိတ်မကောင်းစရာဖြစ်တယ်။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကိုလိုချင်လို့ ပြဇာတ် ကတာဖြစ်တဲ့အတွက် အပြစ်မရှိကြောင်း တရားဥပဒေအတိုင်းပဲ ဆက်လက်ရင်ဆိုင်သွားမှာဖြစ်တယ်”ဟု ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ခံရသူ ကိုအောင်ခန့်ဇော်က ပြောသည်။
အဆိုပါအမှုကို လာမည့် မေလ ၁၈ ရက်နေ့ နေ့လည် ၂ နာရီတွင် စစ်ဆေးမည်ဖြစ်ပြီး ယင်းတရားခွင်၌ တရားလိုဖြစ်သူ အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စား တရားစွဲဆိုသည့် ဒုတိယဗိုလ်မှုးကြီးအောင်မျိုးခိုင် (စစ်ဦးစီးပထမတန်း) အား ပြန်လည် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားများဘက်မှ အခမဲ့လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ထွဋ်က “ကျောင်းသားအားလုံးကို အမှုကလွှတ်ပေးဖို့ ဆိုတာကတော့လည်း မဟုတ်သေးပါဘူး။ ဘာလို့လည်းဆိုတော့ ပြစ်မှုဆိုင်ရာဥပဒေ ၄၉၉ ရဲ့ ဆဋ္ဌမမြောက် ကင်းလွတ်ခွင့်အရ ကျနော်တို့တွေ ဘာကြောင့်ကပြခဲ့ရလည်း ဆိုတာကို ရှင်းလင်းဖို့ လိုအပ်တယ်။ ဒါကြောင့် ကိုအောင်ခန့်ဇော်နဲ့ ကိုမြတ်သူထက်တို့ကို ရုံးတော်က စွဲချက် တင်ခဲ့တာက တရားမျှတပါတယ်လို့ ပြောလိုပါတယ်” ဟု ပြောသည်။
ပုသိမ်ဟိုတယ်တွင် ကျောင်းသားများ ကပြခဲ့သည့်ပြဇာတ်မှာ တရားသောစစ်ပွဲထောက်ခံသူများအား အောက်ဆီဂျင်အမည်ရှိ သတင်းဌာနမှ အင်တာဗျူးမေးမြန်းသည့်ပုံစံဖြင့် တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။ ပြဇာတ်တွင် ကိုမြတ်သူထက်မှာ စစ်သားတဦး၏ဇနီးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ကိုအောင်ခန့်ဇော်မှာ အင်တာဗျူးသူအဖြစ် သရုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။
ပုသိမ်ဟိုတယ်တွင် ကပြခဲ့သည့် စစ်ပွဲအလိုမရှိကြောင်းပြဇာတ်နှင့်ပတ်သက်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်းဖြစ်သူ ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင်က ပြဇာတ်ကသည့် ကျောင်းသားများကို အသရေဖျက်မှုဖြင့် တရားစွဲခဲ့သလို ၎င်းပြဇာတ်ကို Facebook တွင် တိုက်ရိုက်လွှင့်တင်ခဲ့သည့်
ပုသိမ်မြို့အခြေစိုက် HRAA အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးကို ဆက်သွယ်ရေးပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။