မေလအတွင်း ကျင်းပပြီးစီးခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေး၌ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးရန် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီများ သဘောတူညီခဲ့ပြီး NCA အား လက်ခံသည့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စုပေါင်း ရေးထိုးရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် နိုင်ဝင်းလှက “ဖြစ်မယ်ဆိုတာကို ကျနော်တို့ ယတိပြတ် ပြောနိုင်တာက ကျနော်တို့ တဖွဲ့တော့ အဆုံးအဖြတ် ကျထားပြီးသားဆိုတော့ အပြတ်ပြောလို့ ရတယ်၊ ကျန်တဲ့ အဖွဲ့တွေက ဆွေးနွေး နေတုန်း ဆိုတော့ ပြောရခက်တယ်။ KIO (ကချင်လွတ်လပ်ရေး တပ်မတော်)ကလည်း သူတို့ နုတ်ထွက်မယ်။ နောက် WNO (“ဝ” အမျိုးသားအဖွဲ့ချုပ်)ကလည်း နုတ်ထွက်မယ်လို့ သတင်းကြားတယ်။ သူတို့က သိပ်မသေချာတော့ဘူး၊ နောက် ကျန်တဲ့ ၅ ဖွဲ့ကတော့ ဖြစ်နိုင်ချေ ရှိတယ်လို့ ယူဆရတာပေါ့ ” ဟု မေလ ၁၂ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။
NCA စာချုပ် လက်မှတ်ရေးထိုးမည့် ရက်ကိုမူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ညီလာခံ အပြီး၌ NCA အား လက်ခံသည့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းပြီးပါက ထုတ်ပြန် ပြောကြားနိုင်မည် ဖြစ်ကြောင်း နိုင်ဝင်းလှက ရှင်းပြသည်။
NCA လက်မှတ် မရေးထိုးရသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) အဖွဲ့တို့သည် မိမိတို့ မွန်ပြည်သစ်ပါတီနှင့်အတူ NCA လက်မှတ် ရေးထိုးရန် ဖြစ်နိုင်ချေ ရှိသည်ဟု ယူဆရကြောင်း သိရသည်။
မွန်ပြည်သစ် ပါတီ ဌာနချုပ် တည်ရှိရာ ရေးချောင်းဖျား စခန်း၌ ဧပြီလ ၂၃ ရက်နေ့မှ မေလ ၈ ရက်နေ့ အထိ ၁၆ ရက် ကြာ ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ၏ ၂၀၁၇ ခုနှစ် ပုံမှန် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြပြီးနောက် မွန်ပြည်သစ်ပါတီက ယခုကဲ့သို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
လတ်တလော၌ အစိုးရနှင့် တပ်မတော်တို့၏ ရပ်တည်ချက်ကို သုံးသပ်ကြည့်လျှင် NCA လမ်းကြောင်းဖြင့်သာ ငြိမ်းချမ်းရေး တည်ဆောက်လိုသည့် သဘောထား ရှိသည်ဟု သုံးသပ်ရပြီး ဤဆုံးဖြတ်ချက်သည် နိုင်ငံရေး ဆွေးနွေးမှုကို ပို၍ လွှမ်းခြုံ ကိုယ်စားပြုနိုင်သဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း NCA လက်မှတ် ရေးထိုးထားပြီး ဖြစ် သည့် ချင်းအမျိုးသား တပ်ဦး(CNF) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဒေါက်တာ ရွှေခါးရ်က ၎င်း၏ အမြင်ကို ဧရာဝတီအား ပြောကြားသည်။
ဒေါက်တာ ရွှေခါးရ်က “ဖက်ဒရယ်မှာ ပါဝင်တဲ့ ပြည်နယ်လို့ပဲ ခေါ်ခေါ်၊ ဒေသလို့ပဲ ခေါ်ခေါ် ဒီဟာတွေက ကျနော်တို့ ပုံစံ အမျိုးမျိုးနဲ့ ဖော်ရမှာပေါ့ ။ အခု သူတို့တွေ ပါလာမယ်ဆိုရင် ပိုပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာလည်း ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ လွှမ်းခြုံမှုက ပိုပြီးတော့ ကျယ်ပြန့်လာမှာပေါ့။ လူမျိုးအရ၊ နယ်မြေအရ ပါဝင်မှုလည်း အား ကောင်းလာမယ် ဆိုရင် မပါဝင်ရသေးတဲ့ အဖွဲ့တွေအတွက်လည်း အကျိုးဖြစ်စေလာမှာပေါ့ ” ဟု ၎င်း၏ အမြင်ကို သုံးသပ် ပြောကြားသည်။
မွန်ပြည်သစ်ပါတီက NCA စာချုပ်ပါ အချက်အလက်များသည် သဘောမတွေ့စရာ အချက်အလက်များ ပါသော်လည်း ၎င်းအား နိုင်ငံရေး ဆွေးနွေးပွဲမှတဆင့် တက်ရောက်ဖြေရှင်းရန် ယူဆရကြောင်းနှင့် ဤဆုံးဖြတ်ချက်သည် ကောင်းမွန် သည့် အလားအလာ ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကလည်း ဧရာဝတီသို့ သုံးသပ် ပြောကြားသည်။
ဒေါက်တာ အောင်နိုင်ဦးက “ကျနော့်အမြင်က လက်မှတ်ရေးထိုးတာဟာ ပြီးဆုံးတဲ့ အဆင့်တော့ မဟုတ်ဘူး ၊ နောက်ထပ် ဆက်ရမယ့် ခရီးစဉ်တွေက ရှိသေးတဲ့အတွက် ပထမတဆင့်ကို ကျော်လွှားပြီးတော့ ဒုတိယအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ထိထိရောက်ရောက် တက်ပြီး ဆွေးနွေးသွားနိုင်မယ်ဆိုရင် ကျနော်တို့အားလုံးအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတခု ထပ်ပြီးတော့ ပေါ်လာနိုင်တယ်၊ ကောင်းတဲ့ အလားအလာ တခုလို့ မြင်ပါတယ်” ဟု ဧရာဝတီကို ပြောကြားခဲ့သည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် NCA လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ယင်းစာချုပ် ပျက်ပြယ်ခဲ့သည်။ ဆက်လက်၍ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးသိန်းစိန် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
ယင်းပါတီသည် NCA ရရှိရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်၌ UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) တပ်ပေါင်းစုနှင့်အတူ တောက်လျှောက် ပါဝင်ခဲ့ပြီး စာချုပ်ကို လက်ခံသော်လည်း လက်မှတ်မရေးထိုးဘဲ ရှိခဲ့ရာမှ ယခုတွင် NCA အား လက်မှတ်ရေးထိုးမည်ဟု ထုတ်ဖော် ပြောကြားလာခြင်း ဖြစ်သည်။