ပြည်တွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို နေပြည်တော်တွင် ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံသို့ ဖိတ်ကြားရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)က မေလ ၁၂ ရက်နေ့ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည့် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
“ကျနော်တို့က အားလုံးကို ဖိတ်မှာပါ။ NCA မထိုးရသေးတဲ့သူ အကုန်လုံးကိုလည်း အထူးဖိတ်ကြားသူ အနေနဲ့ ဖိတ်မှာပါ။ NCA မထိုးရ သေးပေမယ့် ဒီကြားကာလမှာ အစိုးရနဲ့ ညှိနှိုင်းလို့ အဆင်ပြေသွားလို့ သူ့ဘက်ကိုယ့်ဘက် ညှိနှိုင်းမယ့် အဖွဲ့တွေ ဆိုရင် တော့ ညီလာခံမှာ ဆွေးနွေးခွင့်ပေးမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များသည် အစိုးရနှင့် ညှိနှိုင်းမှုအရ ညီလာခံသို့ တက်ရောက်ပြီး ပါဝင်ဆွေးနွေးနိုင်မည် ဖြစ်သော် လည်း ဆုံးဖြတ်ချက်များကိုမူ UPDJC ကသာ ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ အခြား မြောက်ပိုင်း မဟာမိတ်ကဲ့သို့ အဖွဲ့အစည်းများကိုမူ အထူး ဖိတ်ကြားသူအဖြစ် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ပြောသည်။
ညီလာခံကို မေလ ၂၄ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး ဆွေးနွေးမှုများကို နေ့လည်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်း၊ ည ဘက်တွင် ညစာစားပွဲ ကျင်းပပေးမည် ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးမှု မူဘောင်အရ အစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ် ၇၀၀ ပါဝင်မည်ဟု UPDJC က ပြောသည်။
“နိုင်ငံခြားသား လေ့လာသူ ခွင့်မပြုပါဘူး။ လေ့လာသူ အရည်အတွက်ကိုလည်း ကန့်သတ်ထားပါတယ်။ ညီလာခံကို လေ့လာသူအဖြစ် တက်ရောက်ချင်တဲ့ အဖွဲ့အစည်း ကိုယ်စားပြုသော် လည်းကောင်း၊ တဦးချင်းသော်လည်းကောင်း လျှောက်ထားရမှာ ဖြစ်ပါတယ်။ လူ အရည်အတွက် ကန့်သတ်ထားတဲ့အတွက် အဲဒီအပေါ်မှာ စိစစ်ပြီး ခွင့်ပြုသွားမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ဒုတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံအတွက် မနေ့က ပြုလုပ်ခဲ့သည့် UPDJC အစည်းအဝေး က မြန်မာနိုင်ငံအတွက် သမိုင်းဝင် သဘောတူညီချက်တချို့ကိုလည်း ရရှိခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် နိုင်ငံရေးကဏ္ဍ၌ ခေါင်းစဉ် ၆ ခုနှင့် အချက်ပေါင်း ၇၁ ချက်ကို ဆွေးနွေး သဘောတူခဲ့ကြောင်း သိရသည်။
အချုပ်အခြာ အာဏာ ကျင့်သုံးမှု၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စုမူ၊ ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် ဘာသာရေးကို အခြေမခံသည့် နိုင်ငံ ခေါင်းစဉ်ပေါင်း ၆ ခုကို UPDJC တွင် ဆွေးနွေးခဲ့ပြီး နိုင်ငံရေးကဏ္ဍတွင် သဘောတူညီမှု ၂၁ ချက်၊ စီးပွားရေးကဏ္ဍတွင် ၁၀ ချက်၊ လူမှုရေး ကဏ္ဍတွင် ၄ ချက်နှင့် မြေယာနှင့် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင်တွင် ၆ ချက် စုစုပေါင်း ၄၁ ချက် သဘောတူညီခဲ့သည်ဟု သိရသည်။
“အားလုံးက ဖက်ဒရယ် အခြေခံမူတွေ ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ တခါမှ မရှိဖူးတဲ့ သဘောတူညီချက်ပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင် ပြဌာန်းခွင့်အတွက် ကိုယ်ပိုင် Constitution တွေ ထားရှိပေးပါမယ်။ ဒါကို အကုန်လုံးကလည်း သဘော တူပါတယ်။ အဲဒါကြောင့် လာမယ့် ညီလာခံဟာ မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင် ဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်တွင် တန်းတူညီမျှမှု ရှိနိုင်သည့် ပြည်နယ် ဖွဲ့စည်းပုံများကို ရေးဆွဲနိုင်မည် မဟုတ် သော်လည်း ငြိမ်းချမ်းရေး ရရှိနိုင်မည့် အဆင့် ၇ ခုတွင် နံပါတ် ၄ အဆင့်ဖြစ်သည့် ပြည်ထောင်စု သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်သည့် အခါ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်၍ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသည့် ပြည်နယ် ဖွဲ့စည်းပုံများ ရရှိလာနိုင်ကြောင်း UPDJC ညီလာခံသို့ တက်ရောက်ခဲ့သည် ကချင်တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာ တူးဂျာက ပြောသည်။
“ပြည်ထောင်စု သဘောတူညီချက်က ဖက်ဒရယ် ပုံစံဖြစ်တယ်ဆိုရင် အဆင့် ၅ မှာ ဖွဲ့စည်းပုံကို ပြင်ကို ပြင်ပေးရတော့မယ်။ ပြင်ပြီးရင် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြည်ထောင်စု လွှတ်တော်ကနေ အတည်ပြုပေးရမယ်”ဟု ဒေါက်တာ တူးဂျာက ပြောသည်။
ညီလာခံတွင် အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း၊ ကဏ္ဍအလိုက် ဆွေးနွေးခြင်းများ ပြုလုပ်၍ အတည်ပြု ဆုံးဖြတ်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း၊ ညီလာခံတွင် မဲခွဲဆုံးဖြတ်ရမည့် ပုံစံလည်း ရှိပြီးဖြစ်၍ ထိုနည်းအတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း အတိုင်ပင်ခံရုံးက ပြောသည်။
ညီလာခံတွင် ဆွေးနွေး အတည်ပြုပြီးပါက ဒုတိယအကြိမ် ညီလာခံမှ ထွက်ပေါ်လာသည့် သဘောတူညီချက်များသည် ပြည်ထောင်စု သဘောတူညီမှု စာချုပ်၏ အစိတ်အပိုင်း ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း၊ ညီလာခံ တခုပြီးတိုင်း သဘောတူညီချက်များကို လက်မှတ် ရေးထိုးရမည် ဖြစ်၍ ဆွေးနွေးမှု အားလုံး ပြီးချိန် နောက်ဆုံးတွင် ပြည်ထောင်စု သဘောတူစာချုပ်တခု ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း သိရသည်။