လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းတွင် သေနတ်ထိမှန် သေဆုံးခဲ့ရသည့် ဒေသခံ ဒေါ်ခင်ဝင်း အမှုကို ပိတ်ပစ်ခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ဥပဒေအရာအရှိကို ပြန်လည် ခေါ်ယူ စစ်ဆေးရန်နှင့် အမှုမှန်ပေါ်ပေါက်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ မေလ ၄ ရက်တွင် စာချွန်လွှာ တင်သွင်းခဲ့ပြီး ပြန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း သိရ သည်။
ဆားလင်းကြီး မြို့နယ်ရဲစခန်းက ဒေါ်ခင်ဝင်းသေဆုံးခဲ့ရသည့် အမှုကို ခရိုင်တပ်ဖွဲ့မှူးနှင့် ခရိုင်ဥပဒေအရာရှိတို့၏ မှတ်ချက် ဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အမှုပိတ်ခဲ့ခြင်းဖြစ်ပြီး ကာလအတော်ကြာမှ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က သိရှိသဖြင့် ယင်းအမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းပေးရန် အာဏာပေးစာချွန်လွှာ တင်သွင်းခဲ့ခြင်းပြီး အကြောင်း ပြန်ကြားချက်ရရှိရန် တလ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုးက “မေလ ၄ ရက်နေ့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို အာဏာပေးစာချွန်လွှာ သွားတင်ပြီး ပါပြီ။ အမှုအမှတ်က ၁၈/၂၀၁၇ (အာဏာပေးစာချွန်တော်) ပါ ။ စာတော့တင်ပြီးပြီပေါ့။ လက်ခံတဲ့ဆီက ၁ လလောက်နေမှ လျှောက်လဲချက် ပေးပြီးမှသိရမယ်။ ၁ လလောက်ကတော့ စောင့်ကြည့်ရမယ်”ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကလည်း “ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို စာချွန်တော် တင်ထားပြီးဖြစ်ကြောင်း၊ လက်ခံသင့်၊ မသင့် အပေါ် ကြားနာပြီးနောက် တဖက်အဖွဲ့အစည်းကို ဆင့်ခေါ်မည်ဖြစ်ကြောင်း ဟု ဆိုသည်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ယင်းအာဏာပေးစာချွန်လွှာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ မေလအတွင်း တင်သွင်းနိုင်ရန် ဧပြီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဝမ်ပေါင် ကုမ္ပဏီက ဒေသခံများ၏ မြေယာများကို အတင်းအကျပ် ခြံစည်းရိုး ခတ်ခြင်းများ ပြုလုပ်သဖြင့် ဒေသခံရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းဖြစ်ခဲ့ရာမှ ဒေသခံ တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့ခြင်းသည်။ အဆိုပါ ဒေသတွင် ပဋိပက္ခများမှာ ယနေ့အထိ ပြေလည်ချင်းမရှိသဖြင့် ဒေသခံများနှင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တွေ့ဆုံညှိနှိုင်းမှုများလည်း ရှိသည်။