ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် ပတ်သက်ပြီး “ကြံ့ခိုင်ရေး ပါတီအား ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်မှ ခုံရုံးဖွဲ့ စစ်ဆေးမည်” ဟူသည့် ခေါင်းစဉ်ဖြင့် သတင်း မှားယွင်းဖော်ပြခဲ့သော နယူးစ် ဖက်ဒရယ် တိုင်းမ် သတင်းဂျာနယ် (News Federal Times) ကို ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း USDP က ပြောဆိုသည်။
“မီဒီယာတခုအနေနဲ့ နှစ်ဖက်ကို မေးမြန်းဖို့လိုတာပေါ့။ အဲဒီလို မေးမြန်းခြင်း မရှိတဲ့အတွက် ဒီကိစ္စ ဒီလို အမှား အယွင်း ဖြစ်တယ်။ အမှားအယွင်း ဖြစ်တဲ့ဟာကလည်း လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုး ပါတီရဲ့ ပုံရိပ်ကို ထိခိုက်တယ်လေ။ ကျနော် တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာတဲ့ အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာပေါ့” ဟု USDP ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက News Federal Times ၏ အွန်လိုင်း စာမျက်နှာတွင် အဆိုပါ သတင်း တက်လာသည်ကို သိ သည် နှင့် ပါတီက ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းသို့ ဖြေကြား ခြင်းမရှိသကဲ့သို့ ပါတီကိုလည်း ခုံရုံးဖွဲ့စစ်ဆေးရန် အစီအမံမရှိဟု ဖြေကြားခဲ့ကြောင်း၊ News Federal Times ကို ဥပဒေကြောင်းအရ မည်သို့ဆောင်ရွက်သွားမည်ကိုမူ ပါတီအတွင်း ဆွေးနွေး တိုင်ပင်နေဆဲ ဖြစ်ကြောင်း ရှင်းပြသည်။
News Federal Times အနေဖြင့် မည်သည့် သတင်းကိုမဆို နှစ်ဖက်မေးမြန်းရန် လိုအပ်ပြီး ယခုသတင်းနှင့် ပတ်သက် ၍လည်း ၎င်းတို့ထံ အတည်ပြုချက် လှမ်းမမေးခဲ့ကြောင်း၊ တဖက်တည်း ပြောစကားဖြင့် သတင်း တင်ခဲ့သည့်အတွက် ယခုကဲ့သို့ အမှားအယွင်း ဖြစ်ရကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) အတွင်းရေးမှူး ဦးတင်ထွန်းက “မနေ့ ည က သတင်းထောက်တွေ မေးရင်းနဲ့မှ အဲဒီသတင်းလေး သိလိုက်ပါတယ်။ ကျနော့်အနေနဲ့ ပြောရရင် အဲဒီ အွန်လိုင်း မှာ ဖော်ပြထားတဲ့ မီဒီယာက အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော့်ကို အင်တာဗျူးခြင်းလည်း မရှိပါဘူး။ မေးခွန်း မေးခဲ့ခြင်းလည်း မရှိပါဘူး။ ကျနော်လည်း ဖြေကြားခဲ့ခြင်း မရှိပါဘူး” ဟု ပြောသည်။
ယခင်အစိုးရ လက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖွံ့ဖြိုးရေး ရန်ပုံငွေ အလွဲသုံးမှုနှင့်ပတ်သက်၍ USDP ပါတီကို မေ ၁၅ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေးမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက News Federal Times ၏ မေးမြန်းမှုကို ဖြေကြားသည်ဟု ရေးသား ဖော်ပြ ထား သည်။
ယင်းသတင်းကို News Federal Times အွန်လိုင်း စာမျက်နှာတွင် မေ ၁၄ ရက် ညနေ ၄ နာရီ ၂၇ မိနစ်က တင်ထား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ News Federal Times အနေဖြင့် ညှိနှိုင်း ဆောင်ရွက်မှုပြုလုပ်ရန် အယ်ဒီတာ အဖွဲ့ က ဆွေးနွေးနေကြောင်း News Federal Times ၏ အယ်ဒီတာ ကိုဖြိုးဝေစိုးက ဧရာဝတီကို ပြောသည်။
အယ်ဒီတာ ကိုဖြိုးဝေစိုးက “ဒီကိစ္စနဲ့ပတ်သက်ပြီး တခြား ဘာမှတော့ မပြောချင်တော့ဘူး။ သို့သော်ငြားလည်း ဆက် ဖြစ်လာမယ့် ဟာတွေအတွက် ကျနော်တို့က အကောင်းဆုံး အပြေလည်ဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ အတွက် ကျနော်တို့ အယ်ဒီတာအဖွဲ့က ဆွေးနွေးနေတယ်။ လောလောဆယ်တော့ ကျနော်တို့ ဒီလောက်ပဲ ပြောနိုင်သေးတယ်” ဟု ပြောဆိုသည်။