လာမည့်အပတ်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံ အစည်းအဝေး မတိုင်ခင် ရခိုင် ပြည်နယ်တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပပေးရန်အတွက် အပစ်ရပ်အဖွဲ့ ၈ ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များက တောင်းဆို တိုက်တွန်းလိုက်သည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ စာရေး တောင်းဆိုမည်ဖြစ်ပြီး ထိုစာတွင် အစိုးရ အနေဖြင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း အကောင်အထည် ဖော်ဆောင်ရန် ယင်းသို့ တိုက်တွန်းခြင်း ဖြစ်သည်ဟု ဆိုထားသည်။
အပစ်ရပ်အဖွဲ့ ၈ ဖွဲ့၏ ထိပ်သီး ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော NCA ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အား ကရင် အမျိုးသား အစည်း အရုံး (KNU) ဥက္ကဌ ဖဒိုစောမူတူးစေးဖိုး က ဦးဆောင်ပြီး မေလ ၁၃ရက် နှင့် ၁၄ ရက်က ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
PPST အဖွဲ့ဝင် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့ နှစ်ဖွဲ့က လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရခြင်းအပေါ် လူထု အသံများ ထင်ဟပ်မှု မရသည့်အတွက် စိုးရိမ်မှုများ ရှိကြောင်း တင်ပြခဲ့ကြသည်။
ALP ဒု ဥက္ကဌဖြစ်သည့် ဦးခိုင်စိုးနိုင်အောင်က သင့်လျော်သော နေရာတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ခွင့် ပေးစေလိုပြီး ALP အနေဖြင့် ထိုုအတွက် အဆင်သင့် ဖြစ်နေကြောင်း ပြောဆိုသည်။
“ကျနော်တို့က အဆင်သင့်ဖြစ်တယ်။ သင့်တော်တဲ့နေရာမှာ လုပ်ခွင့်ပေးရင် အဆင်သင့်ဖြစ်တယ်။ ကျင်းပရေး ကော် မတီ လည်း ဖွဲ့ထားပြီးသား။ ကျင်းပရေး ကော်မတီ ၂၁ ဦးမှာ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီပါတယ်။ ရခိုင် အမျိုးသား ပါတီ (ANP) ပါတယ်။ CSOs တွေပါတယ်။ ချက်ချင်းလုပ်ရင် တရက်ဆိုပြီးတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဦးဆောင်နေသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ရှိ လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့် မတည်ငြိမ်မှုများကြောင့် ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့် မပြုထားပေ။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော နှစ်ဖက် အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုများကြောင့် လူ သိန်းချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ယမန်နှစ် အောက်တိုဘာ ၉ ရက်တွင် အကြမ်းဖက်တိုက်ခိုက်သူများ၏ နယ်ခြားစောင့် ရဲစခန်းများအား တပြိုင်တည်း တိုက်ခိုက်ခံရပြီးနောက် အခြေအနေ ဆက်လက် မတည်ငြိမ်ဆဲ ဖြစ်ပြီး နိုင်ငံတကာ၏ အာရုံစိုက်မှု အထူး ခံနေရသည့် ပြည်နယ် ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်ဟာ ထိလွယ်ရှလွယ်လို့ ပြောတယ်။ ကျနော်က ပြောတယ်။ ရခိုင်ပြည်မှာ ထိ လွယ် ရှလွယ် မဟုတ်တဲ့ နေရာတွေ အများကြီးရှိတယ်။ ဥပမာ သံတွဲ၊ ရန်ကုန်၊ ကျောက်ဖြူ တို့ လုပ်လို့ရတယ်။ သင့်တော်တဲ့ နေရာမှာ လုပ်ခွင့်ပေးပါလို့ ဆိုတာ မပေးဘူး”ဟု ဦးခိုင်စိုးနိုင်အောင်က ပြောသည်။
၎င်းက ALP အနေဖြင့် အကြိမ်ကြိမ် တင်ပြသော်လည်း နယ်မြေဒေသ မငြိမ်မှု အကြောင်းပြချက်ဖြင့် ပယ်ချ ခံနေရဆဲ ဟုလည်း ဆိုသည်။
“အခု ကျနော်တို့ တဖွဲ့တည်းတင်မဟုတ် လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ကလည်း ပေးသင့်တယ်လို့ တသဘောတည်း ရှိတယ်”ဟု ဦးခိုင်စိုးနိုင်အောင်က ပြောဆိုသည်။
ရခိုင်တွင် ၎င်းတိုု့ဦးဆောင်သော လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ပါက “ရခိုင်လူမျိုး နှင့် ရခိုင်မျိုးနွယ်စုများသာ ပါဝင်မည်”ဟုလည်း ဦးခိုင်စိုးနိုင်အောင်က ဆိုသည်။
ရှမ်းနှင့် ရခိုင် တိုင်းရင်းသားများ အနေဖြင့် လာမည့် ၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် ၎င်းတို့ဒေသခံ ပြည်သူများ၏ အမြင်သဘောထားများ ထည့်သွင်း ဖော်ပြခွင့် မရသည့်အတွက် စိုးရိမ်ပူပန်သည်ဟု ပြောဆိုကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) ၏ မေလ ၁၂ ရက် အစည်းအဝေးတွင် ကျင်းပပြီး ခဲ့သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ တင်ပြချက်များကို စုစည်းပြီး ၂၁ ပင်လုံတွင် ဆွေးနွေးရန် သဘောတူညီချက်များ ရရှိခဲ့သည်။
လူမျိုးအလိုက်၊ ဒေသအလိုက် နှင့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို KNU ၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရတို့က ဦးဆောင်၍ ကရင်၊ ချင်း ၊ ရှမ်း ပြည်နယ်နှင့်၊ ရန်ကုန်၊ တနင်္သာ ရီ၊ ပဲခူး၊ မန္တလေး ၊ မကွေးတိုင်း တချို့တွင် ကျင်းပခဲ့ပြီး ပြည်သူ့အမြင် သဘောထားများကို စုစည်းခဲ့ကြသည်။
သို့သော် RCSS အနေဖြင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပခွင့် မရခြင်းကြောင့် လာမည့် ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတွင် ပြည်သူ့ဆန္ဒ ပါဝင်ဖော်ထုတ်ခွင့် မရသည့်အတွက် ပူပန်ရကြောင်း PPST အစည်းအဝေးတွင် တင်ပြခဲ့သည်ဟု သိရသည်။
RCSS ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ စိုင်းလျန်းက “အဓိကကတော့ ND (အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ) မလုပ်နိုင်သေးတဲ့ကိစ္စမှာ ပြည်သူ့ဆန္ဒ သိပ်မပါသေးတာ Concern (စိုးရိမ်မှု) တခုအနေနဲ့ တင်ပြတာ။ နောက်တခုက ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတား မဖြစ်စေချင်ဘူး။ ဒီနှစ်ခုကြားမှာ RCSS အနေနဲ့ ဘယ်လိုကျော်လွှားမလဲ။ အဲဒါ နည်းလမ်းရှာဖို့ အချိန် နည်းနည်းပေးပါလို့ RCSS အနေနဲ့ တင်ပြတာ”ဟု ပြော ဆိုသည်။
ယခုတကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ မတိုင်မီ ရခိုင်နှင့် ရှမ်းပြည်နယ်တွင် အစိုးရနှင့် တပ်မတော်က ထို နှစ်ဖွဲ့ကို လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့် ပေးစေကာမူ အချိန်ကာလအရ ကပ်လွန်း နေပြီ ဖြစ်သည်။
သို့သော် မည်သို့ဆိုစေ နှစ်ဖွဲ့စလုံးက လာမည့်အပတ် ညီလာခံတက်ရောက်ရန် ညီနောင် ၈ ဖွဲ့ သဘောထားအတိုင်း ဖြစ်သည်ဟု ဆိုကြသည်။
RCSS အနေဖြင့် ယခုအပတ်အတွင်း ရှမ်းပြည် ညီညွတ်ရေး ကော်မတီနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ရှမ်းပြည်နယ် ပြည်သူများ၏ ဆန္ဒ ထင်ဟပ်စေမည့် နည်းလမ်း ရှာဖွေ သွားမည်ဟု စိုင်းလျန်းက ပြောဆိုသည်။