စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် မေလ ၁၄ ရက် ညနေပိုင်းက လေပြင်းများတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျပျက်စီးပြီး လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးရွှင်ဌေးက “ သေဆုံးသူက ၂ ယောက်ပါ။ ကနီမြို့ပေါ် အမှတ် ၃ ရပ်ကွက်က သားအမိ ၂ ယောက် နေအိမ်ပိပြီး ဆုံးသွားကြတာ။ ဒဏ်ရာရသူတွေထဲက တော်တော်လေး ဒဏ်ရာပြင်းထန်တဲ့ ကျောင်းအုပ်ဆရာမ တယောက်ရယ်၊ အရပ်သားတယောက်ရယ်ကို ဆေးရုံတင်ထားတယ်။ ကျန်တဲ့သူတွေတော့ ဆေးရုံဆင်းသွားပါပြီ။ အပျက်အစီးတွေက မမြင်ချင်လောက်အောင်ကို ပျက်စီးသွားတာ”ဟု ပြောသည်။
လေပြင်းထိုက်ခိုက်မှုကြောင့် သေဆုံးသူ၂ ဦး ၊ထိခိုက်ဒဏ်ရာရသူ့ ၆ ဦး ရှိပြီး၊ ကနီမြို့နယ်မှ ကျေးရွာ ၆ ရွာ၊ ရပ်ကွက် ၂ ခုမှ ပြိုကျသည့် အိမ် ၅လုံး၊ အမိုးအကာ ပျက်စီးသည့်နေအိမ် ၁၄၄ လုံးနှင့် အမိုးလန်သွားသည့် ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံ ၉ လုံး ၊ စာသင်ကျောင်း ၁ ကျောင်းပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။
ပြိုကျသွားသည့် အိမ်တအိမ်ကို ကယ်ဆယ်ရေးပစ္စည်း ၉ မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး ၁ သိန်းနှင့် အမိုးလန် ပျက်စီးအိမ်များကို ကယ်ဆယ်ရေးပစ္စည်း ၅ မျိုးနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး ၅သောင်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက တာဝန်ကျတဦးက ပြောသည်။
“ကျနော်တို့ ကနဦးရထားတဲ့ အိမ်ခြံစာရင်းများအရ ထောက်ပံ့သွားမှာပါ။ ထပ်တိုးစာရင်းတွေအတွက် ပိုစီစဉ်သွားတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ကနီမြို့နှင့် ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးနေမှုများကို တပ်မတော်၊ မီးသတ်တပ်ဖွဲ့၊ ဒေသခံများ၊ NLD ပါတီဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ကယ်ဆယ်ရှင်းလင်းနေကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတောင်ပိုင်း ကပ္ပလီပင်လယ်ပြင်အတွင်းသို့ ယနေ့ (မေလ ၁၅ ရက်) မှ စတင်ပြီး အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်ဖြစ်သောကြောင့် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်မှု၊ လှိုင်းကြီးမှု၊ မိုးသည်းမှုများ ဖြစ်လာနိုင်သောကြောင့် လာမည်ရက်တပတ်အတွင်း မွန်- တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များတွင် မကြာခဏ မိုးသက်လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းကို မိုးလေဝသပညာရှင် ဦးထွန်းလွင်က ၎င်း၏ဖေ့ဘုတ်စ်မှတဆင့် သတိပေးထားသည်။