လာမည့် မေလ ၂၄ ရက်နေ့တွင် ကျင်းပရန် လျာထားသည့် ဒုတိယ အကြိမ် ပင်လုံ ညီလာခံသို့ မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီတို့ တက်ရောက်ရန် စီစဉ် နေသော်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မရေးထိုး ရသေးသည့် မွန်ပြည်သစ်ပါတီမှာ တက်ရောက်ရန် မသေချာ သေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောကြားသည်။
မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ နိုင်စံတင်က “ ကျနော်တို့ ပါတီက တက်မယ် ၊ လုပ်ငန်း အဖွဲ့မှာ ပါသူရော ၊ UPDJC မှာ ပါသူရော စုစုပေါင်း ၇ ဦး တက်ရောက်မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသု့ိပြောသည်။
“ဒီ ၂၁ ရာစု ပင်လုံကို တက်ဖို့ကို မူအားဖြင့် လက်ခံ ထားတဲ့ သဘောရှိတယ်၊ ဒါပေမယ့် မွန်အမျိုးသား ပါတီက UNA အဖွဲ့ဝင် ဖြစ်တဲ့ အတွက် အတတ်နိုင်ဆုံး ညှိနှိုင်း ပြီးတော့ ပါဝင်တဲ့ အခြား တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး တစုတစည်းတည်း၊ တသံတည်း ဖြစ်အောင် ညှိနှိုင်းဖို့ လိုတယ်၊ တက်ဖို့ နောက်ဆုံး အတည်ပြုချက်ကို UNA နဲ့ တိုင်ပင် ပြီးမှ အပြတ် ပြောနိုင်မယ်” ဟု မွန်အမျိုးသား ပါတီမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁ နိုင်စိုးမြင့်က ရှင်းပြသည်။
သို့သော်လည်း ညီလာခံမှာ အရေးကြီးခေါင်းစဉ် များကို အထူးပြု ဆွေးနွေးမှု အားနည်း နေပြီး အရန် ခေါင်းစဉ် များကိုသာ ဆွေးနွေး နေခြင်းကြောင့် တိုင်းရင်းသားများ မျှော်မှန်းထားသည့် ၁၉၄၇ ခုနှစ် ပင်လုံ ညီလာခံ၏ အနှစ်သာရနှင့် ကင်းကွာ နေကြောင်း ၎င်းက သုံးသပ်သည်။
“ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးက အတော်လေးကို အားမရ စရာ ပေါ်ပေါက် ခဲ့တယ်၊ တပါတီကို ၁၀ မိနစ်၊ ၁၅ မိနစ် ထပြောပြီးပြန်၊ ပြီးသာ ပြီးသွားတယ် ၊ ရလဒ်က ဘာမှ တိတိကျကျ မပေါ်လာဘူး၊ တိုင်းရင်းသား တွေအတွက် လိုချင်နေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်က ပေါ်မလာဘူး၊ ဒီလာမယ့် ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်ကလည်း ဒီအတိုင်း ဖြစ်လာမလား ဆိုပြီး ကျနော်တို့ လူတွေ စိုးရိမ်နေကြတယ်” ဟု နိုင်စိုးမြင့်က သုံးသပ် ပြောကြားသည်။
မွန်အမျိုးသားပါတီ အနေဖြင့် လာမည့် ၂၁ ရာစု ပင်လုံ ညီလာခံဒုတိယ အစည်းအဝေးသို့ တိုင်းရင်းသားများ အတွက် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများနှင့် ပတ်သက်၍ စာတမ်းနှင့် ဆွေးနွေးချက်များ တင်ပြ ဆွေးနွေး သွားရန် စီစဉ် နေကြောင်း သိရသည်။
ဤ ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အစည်းအဝေးသို့ အပစ်ရပ် လက်မှတ် ရေးထိုး ထားခြင်း မရှိသေးသည့် အဖွဲ့ များအား အထူး ဖိတ်ကြား သင့်သည့် အဖွဲ့များအဖြစ် ဖိတ်ကြား တက်ရောက် စေမည် ဖြစ်သော်လည်း ဆွေးနွေးခွင့် ပြုမည် မဟုတ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် မင်းကျော်ဇေယျာဦးက ပြောကြားသည်။
“UPDJC ဆုံးဖြတ်ချက်မှာ ကတော့ လက်မှတ် မထိုးရတဲ့ အဖွဲ့တွေကိုတော့ အထူး ဖိတ်ကြားသူ အနေနဲ့ ဖိတ်ကြားမယ်၊ ဒီကြား ထဲမှာ DOC (Deed of Committeemen) ထိုးလို့ ရှိရင်တော့ ညီလာခံ တက်ရောက်ခွင့် ဆွေးနွေးခွင့် ရမယ်၊ ဒါပေမယ့် UPDJC မှာတော့ ပါလို့ မရဘူး၊ အကယ်၍ NCA ထိုးပြီး ရင်တော့ MPC မှာလည်း ပါခွင့် ရှိမယ်၊ UPDJC မှာလည်း ပါလို့ ရမယ်” မင်းကျော်ဇေယျာဦးက ရှင်းပြသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA အား လက်မှတ် မထိုးရ သေးသည့် မွန်ပြည်နယ်တွင် အခြေ စိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် မွန်ပြည်သစ် ပါတီသည် လက်ရှိတွင် Deed of Committeemen ရေးထိုးနိုင်ရန် အတွက် UNFC မှ တဆင့် ငြိမ်းချမ်ရေး ကော်မရှင်နှင့် ညှိနှိုင်း မှုများ ပြုလုပ်နေပြီး ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်ရန်၊ မတက်ရောက်ရန်မှာ မသေချာ သေးကြောင်း သိရသည်။
“အကယ်၍ လေ့လာသူ အနေနဲ့ပဲ တက်ရမယ် ဆိုရင်တော့ ကျနော်တို့ တက်ဖို့ မဖြစ်နိုင်ဘူး ၊ အကယ်၍ DoC ထိုးပြီး ရင်တော့ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခွင့် ရနိုင်လိမ့်မယ်၊ ဒါကတော့ DPN နဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညှိနှိုင်းတဲ့ အပေါ်တော့ မူတည်ပါတယ်” ဟု မွန်ပြည်သစ်ပါတီမှ အမည်မဖော်လိုသူ အရာရှိ တဦးက ပြောသည်။
ထိုကိစ္စအား ညိနှိုင်း ဆွေးနွေး နိုင်ရန်အတွက် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ အထိ တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် PDN နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံနေကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည့် အမျိုးသမီး ပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင် ထံသို့ မေလ ၁၅ ရက်နေ့တွင် ဧရာဝတီမှ ဆက်သွယ် မေးမြန်း ခဲ့ရာတွင်လည်း ဤညီလာခံ တက်ရောက်ရေးအတွက် ဖိတ်ကြားချက် တစုံတရာ လက်ခံ ရရှိသေးခြင်း မရှိကြောင်း ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ဒုတိယ အစည်းအဝေးကို နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ တွင် မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပမည် ဖြစ်သည်။
ညီလာခံအား ကဏ္ဍ ၅ ခုဖြင့် ဆွေးနွေးရန် စီစဉ်ထားကာ လုံခြုံရေး၊ နိုင်ငံရေး ၂၁ ချက်၊ စီးပွားရေး ၁၀ ချက်၊ လူမှုရေး ၄ ချက်၊ မြေယာ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ၆ ချက် စသည့် ကဏ္ဍ ၅ ခုမှ ရရှိ ထားသည့် သဘောတူညီချက် ပေါင်း ၄၁ ချက် ကိုလည်း ဤကျင်းပမည့် ညီလာခံတွင် ဆွေးနွေး အတည်ပြု သွားရန် ရှိကြောင်း သိရသည်။