ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီစဉ်မှုဖြင့် ယခုနှစ် ကျောင်းဖွင့်ရာသီမှ စတင်ပြီး မြို့တွင်းကျောင်း ၂၆ ခုအနက် ၂၂ ကျောင်းကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကျောင်းကား ၂၀၀ ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လိူင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ ဒီနှစ်ကျောင်းဖွင့်ရာသီက စမှာဖြစ်တယ်။ ကျောင်းအကုန်လုံးတော့ မဟုတ်ဘူး။ ကားပိတ်မှု အများဆုံးဖြစ်တဲ့ နေရာမှာရှိတဲ့ ကျောင်းတွေကို စလုပ်မှာပါ။ ကျောင်းကားပြေးဆွဲနေတဲ့သူတွေက မဝယ်မနေရတော့ မဟုတ်ဘူး။ ကြိုက်တဲ့သူက ကားကို ဝယ်ပေါ့။ ဒါပေမယ့် လိုက်ထရပ်၊ ဒိုင်နာကားတွေကို ပြေးဆွဲခွင့်မပြုဘူး။ မှန်လုံကားတွေ၊ မီနီဘတ်စ်တွေ ဒါမျိုးတွေပဲ ပြေးဆွဲပေးမှာဖြစ်တယ်” ဟု ပြောသည်။
ထိုကျောင်း ၂၂ ကျောင်းတွင် ယာဉ်ထိန်းရဲရုံးက စာရင်းကောက်ယူထားသည့် ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်သည့် ကမာရွတ် TTC ၊ ဒဂုံ (၁) တို့ပါဝင်ပြီး ထိုကျောင်းများကို ဦးစားပေးအစီစဉ်ဖြင့် School Bus များ ပြေးဆွဲပေးသွားမည်ဟု ၎င်းက ဆိုသည်။
ဦးကျော်ကျော်ထွန်းက “ ကျောင်းကားကို ကျောင်းသားတွေအနေနဲ့ မစီးမနေရတော့ မဟုတ်ဘူး။ ကျောင်းကားစနစ် မြှင့်လိုက်တဲ့အတွက် စီးစေချင်တယ်။ သူတို့ဘာသာသူတို့ စီးလာအောင် လုပ်မယ်။ နောက်နှစ်မှာတော့ စီးကိုစီးရမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာနိုင်တယ်’’ ဟု ပြောသည်။
ကျောင်းကားစနစ်ကို အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်သွားရန် စီစဉ်ထားပြီး၊ ပထမအဆင့်အဖြင့် ဇွန်လတွင် ကျောင်းသား ၃၀ ရာခိုင်နှုန်း၊ ဒုတိယအဆင့်ဖြစ်သည့် အောက်တိုဘာလတွင် ကျောင်းသား ၃၀ ရာခိုင်နှုန်း ထပ်မံစီးနင်းနိုင်ရန်နှင့် အဆင့် ၃ ဖြစ်သည့် ဒီဇင်ဘာလတွင် ကျန်ရှိနေသည့် ကျောင်းသားအားလုံး စီးနင်းရန် စီစဉ်ထားကြောင်း သိရသည်။
ကျောင်းကားများကို ယခင်ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီက ငွေစိုက်ထုတ် တင်သွင်းထားပြီးနောက် အစိုးရမှတဆင့် ဝယ်ယူလိုသည့် ကျောင်းကားပိုင်ရှင်များသို့ ရောင်းချပေးသွားမည် ဦးကျော်ကျော်ထွန်းက ပြောသည်။
“ အခုတင်သွင်းထားတဲ့ ကားတွေကို ကုမ္ပဏီက အမြတ်ယူလို့ မရဘူး။ အခွန်ကင်းလွတ်ခွင့်တွေ အစိုးရကပေးထားတယ်။ ဝယ်ယူလိုတဲ့သူက တိုက်ရိုက်ဝယ်ယူရုံပဲ။ အရင်က ကျောင်းကားတွေကို ဆွဲချင်သလို ဆွဲတယ်။ နီးစပ်ရာပြောပြီး ဆွဲတာ ဖြစ်တယ်။ အခုက အဲဒီလို မဟုတ်ဘူး။ ကျောင်းအုပ် ဆရာဆရာမကြီးတွေနဲ့ ကျောင်းအကျိုးတော်ဆောင်တွေရဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်ရမှာဖြစ်တယ်’’ ဟု ၎င်းက ပြောသည်။
ထို့အပြင် ကျောင်းကားများ ပြေးဆွဲရာတွင် ကျောင်းသားကျောင်းသူများ လုံခြုံစိတ်ချမှုရှိစေရန် ယာဉ်မောင်းနှင့် ကျောင်းသား အတင်အချအတွက် ယာဉ်မောင်းအကူထားရှိရေးကိုပါ ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်ပြောသည်။
ကျောင်းကားပြေးဆွဲရန် စီစဉ်နေမှုနှင့် ပတ်သက်ပြီး လိူင်မြို့နယ်တွင် နေထိုင်သည့် မူလတန်းကျောင်းသားမိခင်တဦးက “ကျမတို့ကို စုရပ်တခုလုပ်ပြီး အဲဒီနေရာကနေ သွားပို့သွားကြို လုပ်ရမယ်။ အိမ်ပေါက်ဝအထိ လာကြိုတာတောင် တချို့မိသားစုတွေက အဆင်မပြေကြဘူး။ အခုလို စုရပ်နဲ့ဆို ပိုဆိုးသွားမယ်။ ကျောင်းကားပေါ် ကလေးကို တင်ပေးလိုက်ရအောင်ကလည်း ရန်ကုန်က စိတ်ချရတဲ့နေရာ မဟုတ်ဘူး” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ကျောင်းကားများ ပြေးဆွဲနိုင်ရေးအတွက် ယခုလအတွင်း ကျောင်းတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများအကြား ဆွေးနွေးတွေ့ဆုံလျက်ရှိကြောင်း သိရသည်။
ကျောင်းဖယ်ရီကား ယာဉ်နောက်ပါ တဦးဖြစ်သည့် ဦးချစ်ဇော်ဟိန်းက “ကျနော်တို့ဖယ်ရီကားတွေက ကလေးတွေရဲ့ အိမ်ရှေ့အထိ သွားခေါ်တာပါ။ ဒါတောင်မှ မိဘတွေက သူတို့ကလေးကို ဂရုစိုက်ဖို့ တဖွဖွမှာကြတယ်။ အခုလို School Bus ဆိုတဲ့ပုံစံက မှတ်တိုင်ထွက်စီးရမယ်။ အပြန်ကို မှတ်တိုင်မှာ ချထားပေးခဲ့မယ်ဆိုရင် မြန်မာနိုင်ငံက မိဘတော်တော်များများ လက်ခံကြမယ် မထင်ပါဘူး” ဟု ပြောသည်။
သို့သော် လက်ရှိအချိန်၌ ကျောင်းပို့ကျောင်းကြို လုပ်ကိုင်နေသူများအနေဖြင့် အစိုးရက အလျင်အမြန် ဆောင်ရွက်လာသည့် ကျောင်းကားစနစ်သို့ လိုက်ပါနိုင်ရန် အခက်အခဲများ ရှိနေကြောင်း ၎င်းက ဆိုသည်။