ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့က တပ်သား သစ် လိုက်လံ စုဆောင်းနေခြင်းကြောင့် ဒေသခံ ၁၇၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သတင်းရရှိသည်။
ထွက်ပြေး လာကြသူများမှာ မောက်မယ်မြို့နယ် ပုန်းစုတ်ရွာ နှင့် မဲတစေးရွာတို့မှ ဖြစ်ပြီး လက်ရှိတွင် နားဟီး ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသည်ဟု ထွက်ပြေးလာသူများအား ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများပေးနေ သည့် ပအို့ဝ် ဒေသကျန်းမာရေး လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ (PHWC) မှ ဒါရိုက်တာ ဦးခွန်နေထူးက ဧရာဝတီကို ပြောပြသည်။
ဦးခွန်နေထူးက “မဲ့တစေးရွာက ၁၀၄ ဦး၊ ပုန်းစုတ်ရွာက ၇၄ ဦးဖြစ်ပါတယ်။ သူတို့တွေက ပအို့ဝ်တွေ များတယ်။ ကရင်နီ တွေလည်း ပါတယ်။ သူတို့က မေလ ၉ ရက်မှာ တသုတ် ၁၂ ရက်မှာ တသုတ် ပြေးလာကြတာပါ” ဟု ပြောသည်။
မေလ ပထမပတ်တွင် ပုန်းစုတ်ရွာနှင့် မဲတစေးရွာ အတွင်းသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ / ရှမ်းပြည် တပ် မတော် တောင်ပိုင်း (RCSS) မှ တပ်မှူး ဆိုသူများက ရောက်လာပြီး ရွာသားများ ၎င်းတို့ထံတွင် စစ်မှုထမ်းရမည် ဖြစ် ကြောင်း ကို ရှမ်းဘာသာဖြင့် ပြောဆိုခဲ့ကြောင်း၊ စစ်မှုမထမ်းလျှင် ရွာများတွင် မနေဘဲ ထွက်သွားရမည်ဟု ပြောဆိုကြောင်း ဦးခွန်နေထူး က ပြောပြသည်။
ကနဦးတွင် ရွာသားများက တပ်သားသစ် လာရောက်စုဆောင်းသူများကို ၎င်းတို့အား အဓမ္မ စစ်မှု မထမ်းခိုင်းရန် ညှိနှိုင်း ခဲ့သော်လည်း အဆင်မပြေသဖြင့် မိသားစုလိုက် ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု သိရသည်။
RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းမိန်းကမူ တပ်သားသစ်များ စုဆောင်ခြင်း မရှိကြောင်း ငြင်းဆိုသည်။
“ဒီသတင်းက နားလည်မှု လွဲနေတာ ဖြစ်ပါမယ်။ ကျနော်တို့ NCA လက်မှတ်ထိုးပြီးတဲ့ နောက်မှာ လုပ်ကို မလုပ်ပါဘူး။ ကျနော်တို့ မူဝါဒအရလည်း ဒီလို လုပ်ဆောင်တာ မရှိပါဘူး။ နားလည်မှုတွေ ကွဲပြီး ကြားထဲက ပယောဂတွေ ရှိနေ မလား လို့ ကျနော်တို့က သုံးသပ်ပါတယ်” ဟု ဒုဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသည်။
RCSS သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် တနိုငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု စာချုပ် (NCA) ကို လက်မှတ်ထိုးထားပြီး အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လျက်ရှိသည်။
NCA စာချုပ်ပါ အချက်များအရ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ တပ်သားသစ် စုဆောင်းခြင်း ပြုလုပ်ခွင့်မရှိပါ။
ဦးခွန်နေထူးက “ရွာသားတွေက စစ်သားစုဆောင်းတာကို အရင်ကလည်း ကြုံဖူးတယ်လို့ သူတို့က ပြောတယ်။ အခုက ခြိမ်းခြောက်တာတွေ အတင်းအဓမ္မတွေ စိုးရိမ်စရာတွေ ပိုဖြစ်လာလို့ ရွာမှာ မနေရဲတော့လို့ ထွက်ပြေးလာတာပါ” ဟုလည်း ပြောသည်။
လက်ရှိတွင် ထွက်ပြေးလာကြသည့် ၁၇၄ ဦးတွင် ကလေးနှင့် အမျိုးသမီးများလည်း ပါဝင်ပြီး အစားအသောက်နှင့် နေထိုင် ရန် နေရာအတွက် လာရောက်ကူညီသူများ မရှိသဖြင့် နားဟီး ဘုန်းကြီးကျောင်းကသာ ကူညီပေးထားသည်ဟု ဆိုသည်။
PHWC ကလည်း ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများပေးရန် မေလ ၁၅ ရက်မှ စ၍ နားဟီး ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေပြီဟု သိရသည်။
ဧရာဝတီက ရှမ်းပြည်နယ်အတွင်း စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများကို အကူအညီ ပေးသည့် လူမှု ကယ် ဆယ်ရေး အဖွဲ့ဝင်များကို မေးမြန်းကြည့်ရာတွင် လင်းခေးခရိုင်အတွင်း တပ်သားသစ် စုဆောင်းသဖြင့် ထွက်ပြေးကြသူများ အကြောင်းကို ၎င်းတို့က မသိရှိသေးကြောင်း ပြောသည်။
လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တဦး ဖြစ်သည့် ဦးနေလင်းက “လက်နက်ကိုင် အဖွဲ့တွေရှိတဲ့ နယ်မြေနဲ့ နီးတဲ့ ရွာသူ ရွာသား တွေက ဒီလိုပဲ အမြဲကြုံရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ဘက်ရော တောင်ပိုင်းဘက်ရောက သူတို့နဲ့ နီးတဲ့ နေရာဆိုရင် ဒါမျိုး သတင်းတွေ ကြားနေ မြင်နေရတာ မဆန်းသလိုတောင် ဖြစ်နေပါပြီ”ဟု ဆိုသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကလည်း “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တပ်သားသစ် စုဆောင်း မည်ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပေါက်ခရိုင် မိုင်းယန်မြို့နယ်အတွင်းက ဒေသခံ ၁၀၀ ကျော် ထွက်ပြေးခဲ့ကြဖူးသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍လည်း UWSA က ထိုဒေသတွင် ၎င်းတို့ တပ်ဖွဲ့များ မရှိကြောင်း၊ ၎င်းတို့ အနေဖြင့် တပ်သားသစ် များလည်း စုဆောင်းခြင်း မရှိကြောင်း ဧရာဝတီကို ငြင်းဆိုထားသည်။