ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် နမ္မတူ၊ မန်တုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ တိမ်းရှောင်ထွက်ပြေးလာကြသဖြင့် ဒုက္ခသည်ဦးရေ များပြားလာပြီး စားနပ်ရိက္ခာ လုံလောက်မှု မရှိကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအတွင်း ထွက်ပြေးလာသည့် ဒုက္ခသည် ၂၀၀ ကျော် ရှိပြီး၊ ယခင်က ခိုလှုံနေကြသည့် ဒုက္ခသည်ဦးရေ ၅၀၀ ကျော် ရှိနေပြီး၊ စစ်ရှောင်ဒုက္ခသည်များကို နမ္မတူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန် ဘုရားကျောင်းတို့တွင် နေရာချထားပေးကြောင်း၊ နမ္မတူမြို့နယ် စစ်ဘေးရှောင်စခန်းကော်မတီ ဒုဥက္ကဌ ဦးစိုင်းဘဉာဏ် က ဧရာဝတီကို ပြောသည်။
“အရင်ကတည်းက ရောက်နေတဲ့သူတွေကို ဆန်နဲ့ဆီပဲ ထောက်ပံ့ပေးနိုင်တယ်။ လက်ရှိရောက်လာသူတွေကိုတော့ လိုအပ်တာအကုန်လုံး ထောက်ပံ့ပေးရတယ်။ လိုအပ်နေတဲ့ ရိက္ခာတွေအတွက် သက်ဆိုင်ရာအဖွဲ့တွေ၊ လူမှုအဖွဲ့ အစည်းတွေဆီက အကူအညီ တောင်းခံထားတယ်” ဟု ဦးစိုင်းဘဉာဏ်က ပြောသည်။
၂၀၁၆ ခုနှစ်အတွင်း ထွက်ပြေးခိုလှုံလာသည့် ဒုက္ခသည်များအတွက် ဆန်နှင့်ဆီကိုသာ ပေးဝေနိုင်ပြီး၊ တခြားလိုအပ်သည့် အရာများအတွက် ၎င်းတို့ကိုယ်တိုင် နေ့စားအလုပ်များ ဝင်ရောက်လုပ်ကိုင်၍ ဖြေရှင်းနေကြကြောင်းနှင့် ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို သက်ဆိုင်ရာမြို့နယ်၏ ကျန်းမာရေးဌာနမှ ဆရာဝန်များက လာရောက် ကူညီစောင့်ရှောက် ပေးနေသည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာနက စားနပ်ရိက္ခာတချို့ ကူညီထောက်ပံ့ရန် ပြင်ဆင်နေကြောင်း ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးနေသည့် နမ္မတူမြို့ခံ ဦးအောင်ဆန်းမြင့်က ဧရာဝတီကို ပြောသည်။
ဦးအောင်ဆန်းမြင့်က “ ဒီရက်ပိုင်းမှာ ထွက်ပြေးလာသူတွေက စစ်ဖြစ်မယ် ပြောသံကြားလို့ စစ်ရှောင်လာတဲ့ သဘောပါ။ ၃ ရက်အတွင်း လူ ၂၆၀ လောက် ရှိတယ်။ အများစုက ရှမ်းတိုင်းရင်းသားတွေပါ။ သူတို့အားလုံးကို ရွှေမြင်သာ ဘုန်းကြီးကျောင်းမှာ နေရာချထားပေးတယ်” ဟု ဆိုသည်။
ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် အစိုးရတပ်မတော်နှင့် ပလောင် (တအာင်း ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း TNLA ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။
ထို့အတူ ရှမ်းမြောက်ပိုင်း၌ TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း ( RCSS/SSA ) တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ရှမ်းမြောက်ရှိ တိုက်ပွဲများသည် ၂၀၁၆ ခုနှစ် နှောင်းပိုင်မှစ၍ ယခုအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ပြီး၊ ထိုတိုက်ပွဲများကြောင့် သီပေါ၊ နမ့်ဆမ်စသည့် မြို့နယ်များတွင် စစ်ပြေးဒုက္ခသည်များ လာရောက်ခိုလှုံနေကြောင်း ဒေသခံများက ပြောသည်။