ခေါင်းဆောင်မှု သင်တန်း တခုဖြစ်သည့် အုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတခုကို နေပြည်တော်ရှိ Kempin ski ဟိုတယ်တွင် ပြုလုပ်လျက်ရှိရာ တနိုင်ငံလုံးမှ ရပ်ကွက်နှင့် ကျေးရွာများ၏ အမျိုးသမီး အုပ်ချုပ်ရေးမှူး ၇၈ ဦး တက်ရောက်လျက် ရှိကြောင်း သတင်းရရှိသည်။
ယင်းဆွေးနွေးပွဲကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး တနိုင်ငံလုံး ရှိ အမျိုးသမီး ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၈၇ ဦးကို ဖိတ်ကြားခဲ့သော်လည်း ၇၈ ဦး တက်ရောက်သည်။ ယခု ဆွေးနွေးပွဲတွင် အမျိုးသမီး ကိုယ်စားပြုမှု၊ အုပ်ချုပ်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံမှုတွင် အမျိုးသမီး များ၏ ပါဝင်မှုနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မေလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ယခုပွဲကို စီစဉ်သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) က ပြောသည်။
“ဒီသင်တန်းကနေ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုတွေ အရည်အသွေး မြင့်လာဖို့ မြှင့်တင်ပေးတယ်။ သူတို့အနေနဲ့လည်း ဒေသန္တရ တွေမှာ ခေါင်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ အဖြစ်နဲ့ ပြန်လည် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု UNDP မှ ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ အစီအစဉ် ကျွမ်းကျင်သူ ဦးအေးလွင်က ဧရာဝတီသို့ ပြောသည်။
ယခုအချိန်တွင် ရပ်/ကျေး အမျိုးသမီး အုပ်ချုပ်ရေးမှူး ပါဝင်မှုသည် ပြည်တွင်းရှိ အုပ်ချုပ်ရေးမှူးပေါင်း ၁၇၀၀၀ တွင် ၈၀ ကျော်သာ ရှိသေးသဖြင့် အလွန်နည်းသေးကြောင်း၊ ၂၀၁၂ ခုနှစ်တွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး ၄၂ ဦးသာ ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၈၇ ဦးအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။
သို့သော် အမျိုးသမီး အုပ်ချုပ်ရေးမှူးများကို လူအများက လက်ခံနိုင်ရန် အခက်အခဲများ ရှိနေသေးပြီး အုပ်ချုပ်ရေးမှူးအဖြစ် မဲဖြင့် ရွေးချယ်ခံရသော်လည်း အမျိုးသားများ၏ ကန့်ကွက်မှုကို ခံရသဖြင့် အထက်အာဏာပိုင် အဆင့်ဆင့်ထံတွင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရသည်ဟု တနသာၤရီတိုင်း၊ လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်ချိုချိုစန်းက ပြောသည်။
“သူတို့က မြို့နယ်မှူးဆီကို စာတင်ကြတယ်။ ဒီအမျိုးသမီးက ပညာအရည်အချင်းကလည်း မများဘူး။ ငွေကြေးလည်း မချမ်းသာဘူး။ အိမ်ခြေ၊ ယာခြေကလည်း မရှိဘူး။ လမ်းဘေးမှာ ဈေးရောင်းတယ်။ နိုင်ငံခြားထွက်တယ် ဆိုပြီးတော့ အမကို သူတို့က နည်းမျိုးစုံနဲ့ လုပ်တယ်”ဟု ဒေါ်ချိုချိုစန်းက ပြောသည်။
ထို့ကြောင့် ကိုယ်ပိုင်အိမ်ရှိကြောင်း၊ မိသားစု ဝင်ငွေအတွက် ဈေးရောင်းကြောင်း၊ နိုင်ငံခြား ထွက်သည်မှာလည်း မှန်ကြောင်း၊ သို့သော် မည်သူ့ကိုမျှ ဒုက္ခမပေးခဲ့ကြောင်း စသည်ဖြင့် မြို့နယ်အာဏာပိုင်များကို ရှင်းပြနိုင်ခဲ့ပြီးနောက် အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် အမျိုးသမီး အုပ်ချုပ်ရေးမှူး လုပ်သည့် အလေ့အထကို လက်မခံနိုင်သေးသဖြင့် မိမိတွင် ရှိသည့် စွမ်းဆောင်ရည်၊ ယုံ ကြည်ချက်တို့ဖြင့် အုပ်ချုပ်ရေးမှူး တဦး ဖြစ်လာအောင် ကြိုးစားခဲ့ရသည်ဟု ပင်လောင်းမြို့နယ်၊ ဘန့်ဖယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်နန်းမြစန္ဒာချိုက ပြောသည်။
“ထုံးတမ်းဓလေ့အရ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ပြိုင်တော့ အမျိုးသားတွေက လက်မခံချင်ဘူး။ အဲဒီအမျိုးသားတွေရဲ့ အရည်အချင်းထက် ကျမအရည်အချင်းက ပိုပြီးသာတယ်ဆိုတဲ့ ယုံကြည်ချက်ထားတယ် အတွက် အုပ်ချုပ်ရေးမှူး အဖြစ် ကျမ စတင်ရွေးချယ် ယှဉ်ပြိုင်ခဲ့တာပါ”ဟု ၎င်းက ပြောသည်။
အိမ်ထောင်သည် အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များကို ကြည့်သည့်အခါ နိမ့်ကျနေသည်ကို တွေ့ရ ကြောင်း၊ ထို့ကြောင့် ၎င်းတွင် ရှိသည့် အချိန်၊ ပိုင်ဆိုင်မှုနှင့် တတ်သိပညာများကို တဖက်တလမ်းမှ မျှဝေပေးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အုပ်ချုပ်ရေးမှူး အလုပ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဒေါ်နန်းမြစန္ဒာချိုက ပြောသည်။
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အုပ်ချုပ်ရေးမှူး ရွေးချယ်ခံရသူများကို ပြည်သူများအတွက် အုပ်ချုပ်မှု နည်းလမ်းများတွင် အဆင်ပြေစေရန် ပြည်သူ ဗဟိုပြု စည်းရုံးနည်း၊ ပဋိပက္ခ ထိန်းချုပ်နည်းများ သင်ကြားပေးလျက်ရှိကြောင်း အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောသည်။
“ကျနော်တို့ နိုင်ငံမှာအမျိုးသမီးတွေရဲ့ ကဏ္ဍက နည်းပါးခဲ့တယ်။ ပွင့်လင်းလာတဲ့ အခြေအနေနဲ့ လိုအပ်ချက် အရ သင်တန်း ပေးခြင်းအားဖြင့် ဒီလူမှုလုပ်ငန်း၊ ရပ်ရွာ အကျိုးဆောင်ရွက်တဲ့အခါ ပိုပြီးတော့ အမျိုးသားတွေရဲ့ အမျိုးသားတွေချည်း မသိနိုင်တဲ့ ကိစ္စတွေမှာ အမျိုးသမီးတွေက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးမြင့်နိုင်က ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပဋိပက္ခ ဖြေရှင်းခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပြည်သူ ပူးပေါင်း ပါဝင်သည့် စီမံကိန်း ရေးဆွဲခြင်း၊ ဆက်သွယ် ဆောင်ရွက်ခြင်း၊ ကျားမရေးရာ၊ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံမှု ကဲ့သို့သော ခေါင်းဆောင်မှု ဆိုင်ရာ သင်ခန်းစာများ ပို့ချပေး မည် ဖြစ်ပြီး သင်တန်းကာလအတွင်း အမျိုးသမီး အုပ်ချုပ်ရေးမှူးများအချင်းချင်း ပူးပေါင်းလေ့လာနိုင်မည့် ပတ်ဝန်းကျင်တခုကို ဖန်တီး ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ဖေသက်ထက်ခင် ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှုရန် – စိန်ခေါ်မှုတွေကို အနိုင်ယူခဲ့တဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး