ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေသော်လည်း မုန်တိုင်း ကျရောက်နိုင်မှု အခြေအနေ လျော့နည်းသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ယနေ့ပြောကြားသည်။
ဒေါက်တာ ထွန်းလွင်က “တဖြည်းဖြည်း အားကောင်းလာတဲ့ မုတ်သုံလေဦးရဲ့ တွန်းအားကြောင့် လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ကို မရွေ့ဘဲ အရှေ့မြောက်ဘက်ကို ရွေ့လာပြီး ကမ်းခြေနဲ့ ပိုမိုနီးကပ်သွားတာကြောင့် အားပိုကောင်း မလာနိုင်ဘဲ အားလျော့ကျလာနေတာကို တွေ့ရပါတယ်။ ဦးတည်ဘက် ပြောင်းပြီး ပြန်မရွေ့သမျှတော့ မုန်တိုင်း ဖြစ်လာဖို့ အလားအလာ နည်းနေဦးမှာပါ” ဟု ဆိုသည်။
ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့ တွင် မေလ ၁၃ ရက်ကစတင် ဖြစ်ပွားခဲ့သော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ကမ်းရိုးတန်းဒေသများတွင် လေပြင်းနှင့် လှိုင်းအန္တရာယ် ဂရုပြုရန် ၎င်းက သတိပေးထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက လတ်တလောတွင် မုန်တိုင်း မဖြစ်ပေါ်နိုင်သေးကြောင်း၊ မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်နှင့် မွန် ၊ တနသာင်္ရီဒေသတို့တွင် နေရာကွက်ပြီး မိုးကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း မြစ်ရေကြီးမှု မဖြစ်ပေါ်နိုင်သေးကြောင်း ယနေ့ဧရာဝတီကို ပြောသည်။
ဦးလှထွန်းက “လက်ရှိ အခြေအနေအရတော့ မုန်တိုင်းဖြစ်နိုင်ဖို့ မရှိသေးပါဘူး။ လေဖိအားနည်းရပ် ဝန်းနဲ့ပဲ ရှိနေသေးတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဆိုရင် လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မိုးကြီးတာတွေရှိနိုင်တယ်။ မြစ်ဝကျွန်းပေါ်နဲ့ မွန် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်မှာတော့ မိုးသက်လေပြင်း ကျရောက်နိုင်တဲ့ အခြေအနေတွေ၊ လှိုင်းကြီးတာတွေ ဖြစ်နိုင် တာကြောင့် ပင်လယ်ရေကြောင်း သွားလာရေးမှာ သတိထားဖို့ လိုတယ်” ဟု ပြောသည်။
ဆက်လက်ပြီး “မိုးမမှန်သေးတဲ့အတွက် မိုးရွာပြီးသွားတာနဲ့ ပြန်ပြီး အပူချိန်တက်လာဦးမယ်။ ဒါကြောင့် မိုးကြိုးပစ်တာတွေ သတိထားရဦးမယ်။ မုတ်သုံမိုး ဝင်ရင်တော့ ပုံမှန်ရွာသွန်းဖို့ ရှိတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းတွေကတော့ မုတ်သုံ ဝင်တော့ မယ်။ မြစ်ဝကျွန်းပေါ်တို့ ကျန်တဲ့နေရာတို့ကတော့ မဝင်သေးဘူး။ မုတ်သုံ မဝင်သေးတဲ့အတွက် မိုးရပ်သွားရင် ရာသီဥတု က အေးမသွားဘူး။ ပြန်ပူလာတဲ့အခါကျရင် မိုးကြိုးပစ်တာတွေ ရှိတယ်”ဟု ၎င်းပြောသည်။
ယနေ့ မိုးလေဝသ အခြေအနေသည် မြစ်ဝကျွန်းပေါ်၊ မုတ္တမပင်လယ်ကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင်၄၀အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဒေသအနှံ့ မိုးရွာနိုင်ကာ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက် ၍ မိုးကြီးနိုင်ပြီး မေလ ၁၄ ရက်နှင့် ၁၅ ရက်က ရွာသောမိုးကြောင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေကြီးနစ်မြုပ်မှုများ ရင်ဆိုင်ခဲ့ရသည်။