အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဂုဏ်သိက္ခာ ညှိုနွမ်းအောင် စွပ်စွဲ ပြောဆိုမှုများ၊ ဥပဒေပြင်ပ ပြောဆိုမှုများ ကို တုံ့ပြန်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနု ရက္ခိတ အဖွဲ့မှ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အချို့သောကိစ္စရပ်များတွင် မဘသ ဦးဆောင်ဆရာတော်များမှ ဝင်ရောက်ဆောင်ရွက်ရန် မသင့်တော်သည့်အတွက် မဘသ၏ သြဝါဒခံ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနု ရက္ခိတအဖွဲ့ကို ၂၀၁၇ ခုနှစ် ဧပြီ ၂၉ ရက်ကစတင်ကာ ဖွဲ့စည်းထားပြီးနောက် စွပ်စွဲပြောဆိုမှုများကို တုံ့ပြန်ရန် ဥပဒေနှင့် အညီ လုပ်ဆောင်မည်ဟု ဓမ္မဝံသာနုရက္ခိတအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်က ပြောသည်။
ဓမ္မဝံသာနုရက္ခိတအဖွဲ့ကို ဥက္ကဌအဖြစ် သာကီသွေးနှင့် အောင်ဇေရတုဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ မောင်သွေးချွန်က တာဝန်ယူထားပြီး အတွင်းရေးမှူးအဖြစ် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ(မိုးထိမိုးမိဒေသ) ပိုင်ရှင် ဦးစိုးထွန်းရှိန်က ဆောင်ရွက်သွားမည်ဖြစ်သည်။
မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးပညိန္ဒ(ပွင့်လင်းဆရာတော်)က “အရင်ကတော့ ဝံသာနု ရက္ခိတ ဆိုပြီးရှိတယ်၊ အခုက အားလုံးနဲ့ပါဝင်သက်ဆိုင်သွားအောင် ဓမ္မ ကိုထပ်ထည့်ပြီး ဖွဲ့စည်းခဲ့တာပါ”ဟု ပြောသည်။
အဖွ့ဲအနေဖြင့် နိုင်ငံရေးလုပ်ဆောင်မည်မဟုတ်ဘဲ နိုင်ငံတော်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမည့် သာသနာရေး၊ ပညာရေးလုပ်ငန်းများကို တည်ဆဲဥပဒေဘောင်အတွင်းက ရပ်တည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ၏ သဘောထားပြောဆိုချက်များမှာ အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(မဘသ)နှင့် မသက်ဆိုင်ကြောင်း မဘသ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဒေါက်တာ သောပါက ယနေ့ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားသည်။
ဦးဝီရသူသည် မဘသ အဖွဲ့၏ ဗဟိုဦးဆောင်ဆရာတော်တပါးဖြစ်သည့်အတွက် အဖွဲ့၏မူဝါဒနှင့် ထပ်တူ လက်တွဲလုပ်ဆောင်မှုများရှိသော်လည်း ၎င်း၏ တဦးတည်လုပ်ဆောင်ချက်၊ ပြောဆိုချက်များမှာ ၎င်းနှင့်သာ သက်ဆိုင်ကြောင်း မဘသ ကဆိုသည်။
ဒေါက်တာ သောပါက က “မဘသ ရဲ့ ဂုဏ်သိက္ခာထိခိုက်အောင်၊ ပျက်စီးအောင်လုပ်လာပြီဆိုရင် အဖွဲ့လုပ် ထုံးလုပ်နည်းအတိုင်းလုပ်ဖို့ မူဝါဒရှိပါတယ်၊ လုပ်ထုံးလုပ်နည်းနဲ့ ညှိစွန်းမှုမရှိရင် ဘယ်သူ့ကိုမှ အရေးယူ ဆောင်ရွက်မှာ မဟုတ်ပါဘူး၊ ဒီကနေ့အထိ မဘသ အဖွဲ့ဝင်တွေဟာ ထုတ်ပယ်ရလောက်တဲ့ထိ မရှိသေးပါဘူး”ဟု ပြောသည်။
ဦးဝီရသူ၏ ဟောပြောချက်များနှင့်ပတ်သက်၍ နိုင်ငံတော်သံဃ မဟာနာယက(မဟန)အဖွဲ့မှ တရားဥပဒေ စိုးမိုးရေးကို အဟန့်အတားဖြစ်စေသည်ဟုဆိုကာ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့က စတင်ကာ တရား ဟောခွင့် တနှစ်ပိတ်ပင်ခဲ့သည်။
ထို့အပြင် မဘသ အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးတွင် မည်သည့် ဘာသာအဖွဲ့အစည်းနှင့် မဆိုလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၉ ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် ဆူပူမှုမှာလည်း မဘသနှင့် သက်ဆိုင်ခြင်းမရှိကြောင်းလည်း မဘသက ရှင်းလင်းခဲ့သည်။
ဒေါက်တာ သောပါက က “သာကေတနဲ့ မင်္ဂလာတောင်ညွန့်မှာဖြစ်ခဲ့တဲ့ကိစ္စတွေက တာဝန်ရှိသူတွေက အသိပေးတိုင်ကြားမှုတွေကို ချက်ချင်းသွားရောက်စစ်ဆေးတာ၊ အရေးကြီးတာကို ကြီးသလိုမလုပ်တာကြောင့် ဖြစ်လာတာလို့မြင်တယ်”ဟု သုံးသပ်မိန့်ကြားသည်။
မင်္ဂလာတောင်ညွန့် ဆူပူမှုမှာ မျိုးချစ်ရဟန်တော်များသမဂ္ဂနှင့် အမျိုးသားရေးလှုပ်ရှားသူအချို့၏ တိုင်ကြားချက်အရ နေအိမ်တခုအတွင်း ခိုးဝင်ဘင်္ဂါလီများရှိမရှိ ဝင်ရောက်ရှာဖွေရှာမှ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မင်္ဂလာတောင်ညွန့်တရားရုံးမှ ပါဝင်ခဲ့သည့် ဆရာတော် ဦးသုစိတ္တနှင့် ဦးပညာဝံသ တို့အပြင် လူပုဂ္ဂိုလ် ၅ ဦးကိုပါ ဆူပူလှုံဆော်မှု ပုဒ်မ ၅၀၅(ဂ)ဖြင့် ဖမ်းဝရမ်းထုတ်ပြန်ထားပြီဖြစ်သည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၄ နှစ်ပြည့် ညီလာခံကိုလည်း ယခု မေလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ကျင်းပသွားမည်ဟု သိရသည်။