ရန်ကုန်မြို့တော်ဟောင်းနှင် ရန်ကုန်တဝန်း၌ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ ၆၀၀၀ နီးပါးရှိကြောင်း ရန်ကုန် အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)၏ ကောက်ယူနေဆဲ စစ်တမ်းကပြသနေသည်။
ရန်ကုန် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး ဆော်သြနေသည့် အစိုးရမဟုတ်သော YHT အဖွဲ့ သည် မြို့ပြအမွေအနှစ် စာရင်း (Urban Heritage Inventory)ကို ၂၀၁၂ ခုနှစ်ကတည်းကပင် စတင် ကောက်ယူနေခြင်းဖြစ်သည်။
ယခုအချိန်အထိ မြို့တွင်း ၉မြို့နယ်နှင့် ပတ်ဝန်းကျင်မြို့နယ်များတွင် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံပေါင်း ၆ ထောင်နီးပါးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး၊ တချို့မှာ ဗြိတိသျှ ကိုလိုနီခေတ် လက်ရာအဆောက်အအုံများဖြစ်သည်။
စစ်တမ်းကောက်ယူခြင်းကို တခြားသောမြို့နယ်များတွင်ပါ တိုးချဲ့လုပ်ဆောင်နေသည့်အတွက် မကြာ မီတွင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ အရေအတွက်မှာ တိုးပွားလာဦးမည်ဖြစ်ကြောင်း YHT၏ ဒါရိုက်တာနှင့် ဒုဥက္ကဋ္ဌ ဒေါ်မိုးမိုးလွင်က ပြောသည်။
“ဘာသာရေး အဆောက်အအုံက အစ အစိုးရ၊ ပုဂ္ဂလိပိုင် အဆောက်အအုံအထိ သမိုင်းအရ၊ ဗိသုကာ ပညာအရ ထူးခြားတဲ့အဆောက်အအုံ အားလုံးကို တည်နေရာ ဓာတ်ပုံမှတ်တမ်းနဲ့ ကျမတို့စာရင်း ကောက်ယူပါတယ်”လို့ သူက ဆိုသည်။
“ရန်ကုန်မှာ ဘယ်လိုရှေးဟောင်း အမွေအနှစ်မျိုးတွေ ရှိတယ်ဆိုတာ ဒီစစ်တမ်းက နားလည်အောင် အထောက်အကူပြုနိုင်တယ်။ မြို့ပြစီမံကိန်း၊ မြေပုံရေးဆွဲခြင်းနဲ့ ခရီးသွား လုပ်ငန်းတွေအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့လည်း အထောက်အကူပြုနိုင်ပါတယ်” ဟုလည်း ဒေါ်မိုးမိုးလွင် ဆက်ပြောသည်။
ထိုစစ်တမ်းသည် တမြို့လုံးအတိုင်းအတာဖြင့်ကောက်ယူသော ပထမဆုံးကျယ်ပြန့်သည့် စစ်တမ်း ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့တော်၏ အမွေအနှစ်၏ ထင်ဟပ်သောနေရာများ စာရင်းတခု ပြုစုထားသော်လည်း ဘာသာရေးနှင့် ကိုလိုနီခေတ် အဆောက်အအုံများကိုသာ အထူးပြု ဖေါ်ပြထားပြီး ကိုလိုနီခေတ်အတွင်းနှင့်နောက်ပိုင်း ပုဂ္ဂလိကအိမ်ကြီးအိမ်ကောင်း မျာပါဝင်ခြင်းမရှိကြ ပေ။
ခေတ်သစ် အဆောက်အအုံများ တည်ဆောက်ရန် တချို့သော ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို ယခင်က ဖြိုချခဲ့ပြီးဖြစ်ရာ ရန်ကုန်ရှိ သမိုင်းဝင် အဆောက်အအုံများကို မြို့ပြဖွံ့ဖြိုး တိုးတက်မှုက ခြိမ်းခြောက်နေစဉ် ယခုစစ်တမ်း ကို ကောက်ယူခြင်းဖြစ်သည်။