ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် မြရာကုန်းလမ်း အနီး ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့်အတွက် ပုဒ်မ ၅၀၅ (ဂ) ဖြင့် အမှုဖွင့် ဖမ်းဝရမ်း ထုတ်ပြန်ထားသည့် ဦးသုစိတ္တ၊ ဦးပညာဝံသနှင့် မြတ်ဘုန်းမိုရ် တု့ိကို ဖမ်းဆီးရမိမှုမရှိသေးဘဲ တိမ်ရှောင်ထွက်ပြေးနေဆဲဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦးလှဌေးကပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် ပါဝင်နေသည့် ဦးသုစိတ္တ၊ ဦးပညာဝံသ၊ မြတ်ဘုန်းမိုရ်၊ တင်ထွဋ်ဇော် (ခ) ကိုလတ်၊ မအောင်အောင်မြင့် (ခ) မအောင်၊ တင်လင်းထိုက် (ခ) လင်းလင်း၊ တင်ဌေးအောင် (ခ) အကြီးကောင် တို့ကို မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးက ရုန်းရင်းဆန်ခတ်မှုတွင် ဦးဆောင်ပါဝင်ကာ ဆူပူအောင် လှုံ့ဆော်သဖြင့် ပုဒ်မ ၅၀၅ (ဂ) ဖြင့် မေလ ၁၂ ရက်နေ့က ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။
မေလ ၁၂ ရက်နေ့တွင် ကိုလတ်(ခ)တင်ထွဋ်ဇော်နှင့် ၎င်း၏ဇနီးဖြစ်သူ မအောင်(ခ) အောင်အောင်မြင့်တို့ကို ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းအနီး ဖမ်းဆီးရမိခဲ့ပြီး မေလ ၁၅ ရက်နေ့တွင် တင်လင်းထိုက်(ခ) လင်းလင်းနှင့် တင်ဌေးအောင်(ခ) အကြီးကောင်တို့ကို ဖမ်းဆီးရမိခဲ့ရာ ရဲတပ်ဖွဲ့က မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရမန်ယူထားပြီး မေလ ၂၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းထွဋ်က “ဝရမ်းထုတ်ထားတဲ့ဆရာတော်ကို ဖမ်းဆီးဖို့က ညှိနှိုင်းလုပ်ဆောင်နေရတာလေးတွေရှိတယ်၊ မင်္ဂလာတောင်ညွန့်ဘက်က တာဝန်ရှိသူတွေ ဘယ်လိုဆက်လုပ်မလဲတော့မသိသေးဘူး၊ ခုထိတော့ ကျောင်းတိုက်ထဲ ဝင်ရောက်ရှာဖွေတာတွေ မရှိသေးဘူး”ဟု ပြောသည်။
အထက်မြန်မာပြည်ရှေ့နေများကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ရာဇဝတ်မှု ကျူးလွန်ထားသည့် သံဃာ ဖြစ်နေပါက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အကြောင်းကြားစရာမလိုပဲ နေရာတွင် ချက်ချင်းဖမ်းဆီးနိုင်ကြောင်း ရှင်းပြသည်။
“ရာဇဝတ်မှု ပြုလုပ်ထားရင် မဟန ရဲ့ ခွင့်ပြုချက်တွေဘာတွေ စောင့်နေစရာမလိုဘူး။ နေရာမှာ ချက်ချင်း ဖမ်းဆီးလို့ရတယ်။ ဒါက ဥပဒေနဲ့ ညီညွတ်တယ်။ ဖမ်းဝရမ်းထုတ်ပြန်တာသည်လည်း ဥပဒေနှင့် အညီဖြစ်တယ်” ဟု ဦးသိန်းသန်းဦး ကရှင်းပြသည်။
ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည့် ဘင်္ဂလား ဘုန်းကြီးကျောင်းတိုက်မှ ဦးသုစိတ္တ အပါအဝင် အမျိုးသားရေးလှုပ်ရှားသူ ဆရာတော် ဦးပါမောက္ခနှင့် ဦးဉာဏဓမ္မတို့သည် ၂၀၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုကြောင့်လည်း ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ) အရ တရားစွဲခံထားရကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဝရမ်းထုတ်ပြန်ခံထားရသည့် အမျိုးသားရေး လှုပ်ရှားသည် သံဃာများကိစ္စ ကို သာသနာရေးဝန်ကြီးဌာန အနေဖြင့် မသိရှိဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
အမျိုးသားရေးလှုပ်ရှားသူများဟုဆိုသည့် ဝင်းကိုကိုလတ်၊ နောင်တော်လေး (ခ) နိုင်ဝင်းထွန်း၊ နေဝင်းအောင်နှင့် သက်မင်းထွန်းတို့ကို အမေရိကန် သံရုံးရှေ့တွင် ပြုလုပ်သည့် ရိုဟင်ဂျာလူမှု အသိုက်အဝန်း” အသုံးအနှုန်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ပုဒ်မ ၅၀၅ (ခ) အရ အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။