မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရေး လုပ်ငန်စဉ်များကို ဆက်လက်ကူညီမည် ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အင်္ဂါနေ့က ပြောကြားလိုက်ပြီး ၂ နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်မှု ရှိရေး ထိန်းသိမ်းကြရန်လည်း တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် မတ်လက ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် လူထောင်ချီ ၍ တရုတ်နိုင်ငံတွင်းသို့ ပြေးဝင်ခိုလှုံခဲ့ ရပြီး တရုတ်နိုင်ငံ အနေဖြင့် လူမျိုးစု လက်နက်ကိုင်များနှင့် လုံခြုံရေးတပ်များ အကြား အပစ်အခတ် ရပ်စဲရန် တောင်းဆိုကာ နယ်စပ် တလျှောက်တွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့နှင့် တနင်္လလာနေ့က ကျင်းပခဲ့သော ရပ်ဝန်းတခု၊ လမ်းတခု (Belt and Road) ထိပ်သီး ဆွေးနွေပွဲ အပြီးတွင် သမ္မတ ရှီကျင့်ဖျင်က ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မြန်မာနိုင်ငံခြာရေး ဝန်ကြီးနှင့် မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည်။
“တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဆက်လက် ကူညီ လိုပါတယ်” ဟု သမ္မတ ရှိကျင့်ဖျင်က ပြောကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
“တရုတ်မြန်မာ နယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေး အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမယ်” ဟု ရှီကျင့်ဖျင်က ပြောသည် ဟုလည်း ဆင်ဟွာသတင်းဌာနက ဆိုသည်။ မည်ကဲ့သို့သော အကူအညီများ ပေးမည်ကိုမူ ရှင်းလင်းပြောကြားခြင်း မရှိပေ။
တရုတ်နိုင်ငံသည် ၎င်း၏ ရပ်ဝန်းတခု လမ်းတခု စီမံကိန်းအရ မြန်မာနိုင်ငံနှင့် ပူပေါင်းဆောင်ရွက်မှု မြှင့်တင်မည် ဟုလည်း ရှီကျင့်ဖျင်က ပြောသည်။ ထိုစိမံကိန်းမှာ အာရှ၊ အာဖရိက၊ ဥရောပနှင့် အခြားဒေသများ အကြား အခြေခံ အဆောက်အအုံ ချဲ့ထွင်ခြင်းဖြင့် တရုတ်နိုင်ငံ၏ ကမ္ဘာ့ခေါင်းဆောင်မှု အနေအထားကို တောင့်တင်းအောင် ပြုလုပ်ရန် ရည်ရွယ်သည်။
ထိုစီမံကိန်းကို တိုးချဲ့ရန် အတွက် ဒေါ်လာ ၁၂၄ ဘီလီယံ သုံးစွဲရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂ ရက်ကြာ ပြုလုပ်သည့် ကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် တနင်္ဂနွေနေ့က ကတိပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတ ရှီကျင့်ဖျင်အား မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ ကူညီမှုများအား ကျေးဇူးတင်ကြောင်းနှင့် နယ်စပ်ဒေ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနှင့် လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းက ဆိုသည်။