သတင်း

ရေးတောင်ပိုင်းရှိ ဓားပြ အကြိုင်း ကို မွန်ပြည်သစ် က ဖမ်းပြီး ရဲတပ်ဖွဲ့ကိုလွှဲ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ ရေးမြို့ တောင်ပိုင်း ဒေသ၌ အခြေစိုက် လှုပ်ရှားကာ ဆက်ကြေးကောက် ဓားပြတိုက် နေသည့် “အကြိုင်း” ဆိုသူအား မွန်ပြည်သစ် ပါတီမှ ဖမ်းဆီး ရမိထားပြီးနောက် ယနေ့ မေလ ၁၇ ရက်နေ့တွင် ရေးမြို့နယ် ရဲတပ်ဖွဲ့အား လွှဲပြောင်း ပေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ရေးမြို့ ဆက်ဆံရေးရုံးနှင့် ခေါဇာရဲစခန်းမှ တာဝန်ရှိ သူများက ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။

“အကြိုင်းကို မွန်ပြည်သစ် ကနေပြီး ရဲဘက်ကို အပ်လိုက်တာတော့ သေချာတယ်၊ မနက်က ဝယ်ဇင်စခန်းမှာ အပ်ပါတယ်” မွန်ပြည်သစ်ပါတီ ရေးမြို့ ဆက်ဆံရေးမှ ရုံးအုပ် နိုင်ပင်းက ပြောသည်။

မွန်ပြည်သစ်ပါတီ ပါတီ ထားဝယ်ခရိုင် ဝယ်ဇင်စန်း၌ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများ ဖြစ်သည့် ခရိုင် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်း၊ ခရိုင် အလုပ်အမှုဆောင် နိုင်ကျော်မိုး၊ နိုင်လယီ စိုက်ထော တို့က ဦးဆောင်၍ ရေးမြို့မ ရဲစခန်းမှ စခန်းမှူး နှင့် အဖွဲ့ထံသို့ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပြီး မွန်ပြည်သစ် ပါတီမှ တရားခံ အကြိုင်းအား ရဲတပ်ဖွဲ့ထံသို့ အပ်နှံခဲ့စဉ် လက်နက် ခဲယမ်းများ မပါဝင်ကြောင်း ခေါဇာမြို့မ ရဲစခန်းမှ ရဲအုပ် ကျော်မြင့်က ရှင်းပြသည်။

ရဲအုပ် ကျော်မြင့် က “ခေါ်လာပြီးတော့ အခုတော့ ရေးကို ရောက်ပါပြီ၊ စစ်ဆေးတုန်းပဲ ၊ စစ်ဆေးပြီးတော့ ရမန်ယူမယ်၊ ရမန်ယူပြီးမှ ချုပ်မယ်လေ” ဟု ပြောသည်။

တရားခံ အကြိုင်းအား ပြီးခဲ့သည့် ဧပြီလခန့်က မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တပ်ဖွဲ့ဝင် များက ဖမ်းဆီးမိခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ် စခန်း ရေချောင်းဖျား၌ ချုပ်နှောင် ထားပြီးခဲ့သည်။ ထို့နောက် ဗဟို ဌာနချုပ်မှ ညွှန်ကြား ချက်ဖြင့် ရဲတပ်ဖွဲ့ ထံသို့ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဝင် တဦး ဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး ဉာဏ်ထွန်းက ဧရာဝတီသို့ ပြောကြားသည်။

“ကျနော်တို့ ဖမ်းမိထားတာတော့ တလလောက်ရှိပြီ၊ ဗဟိုကော်မီတီ အစည်အဝေး မတိုင်ခင် ကတည်းကပေါ့၊ သူက အရင်တုန်းက နာမည်ကြီး အဗင်ရဲ့ တပည့် ၊ ကျနော်တို့ လူတွေက သူ့ကို ဟံဂံကျေးရွာ အနီးမှာ ဖမ်းဆီး ရမိပြီးတော့ ဗဟိုမှာ ချုပ်ထားတာ” ဟု ဒုတိယ ဗိုလ်မှူးကြီး ဉာဏ်ထွန်းက ရှင်းပြသည်။

“အကြိုင်း” သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၇ နာရီတွင် ရေးမြို့နယ် ကော့လှိုင် ကျေးရွာ အုပ်စုဝင်၊ သဲခုံ ကျေးရွာ ဥက္ကဋ္ဌ နိုင်မြင့်သိန်းအား ဖမ်းဆီးကာ ဓားပြ တိုက်ခဲ့ကာ သေနတ် ၂ ချက်ဖောက်ခဲ့ကြောင်း၊ ရွှေဆွဲကြိုး ၂ ကျပ်သား၊ လက်စွပ် တကွင်း စုစုပေါင်း ကာလတန်ဖိုး ကျပ် သိန်း ၄၀ ခန့် ယူသွားခဲ့ကြောင်း၊ ရေးမြို့နယ် ဟံဂံကျေးရွာ၌ ကျင်းပသည့် ဘုန်းကြီးပျံပွဲတော် ကျင်းပရေး အဖွဲ့ခေါင်းဆောင် မရမ်းကျောင်း ဆရာတော်အား မတ်လ နောက်ဆုံးပတ်အတွင်း ငွေသား သိန်း ၁၀၀ ပေးရန် အတွက် စာပို့ခဲ့ကြောင်း ကော့လှိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ရွှေမိုးထံက သိရသည်။

ထို့ပြင် ဧပြီလခန့်က ပေါက်ပင်ကွင်း ကျေးရွာသို့ ငွေသား သိန်း ၁၀၀ ပေးရန် ပြောဆိုခဲ့သော်လည်း ရွာသား များမှ မပေးသဖြင့် ရွာသားများအား ရွာပြင်မှ စောင့်ကာ ဓားပြ တိုက်ခဲ့ကာ ငွေကျပ် ၁၅ သိန်းခန့် ယူဆောင် သွားခဲ့ကြောင်း သိရသည်။

တရားခံ အကြိုင်းသည် ရေးမြို့နယ် တောင်ပိုင်း ရင်းရဲ ကျေးရွာ အုပ်စုဝင် တိုးတက် ရွာသစ် ကျေးရွာ ဇာတိ ဖြစ်ကာ ပေါက်ပင်ကွင်း၊ တိုးတက် ရွာသစ်နှင့် ကော့လှိုင်၊ ဟံဂံ တဝိုက်တွင် ဓားပြတိုက် ဆက်ကြေး ကောက်နေသူ ဖြစ်သည်။

သူသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် နိုင်ဗင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရေးမြို့ရှိ စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ် စခန်း – စကခ ၁၉ ၌ လက်နက် ချခဲ့စဉ်၌ “အကြိုင်း” လည်းပါဝင်ခဲ့သည်။ ထို့နောက် ဓားပြတိုက်၊ ဆက်ကြေး ကောက်ခံမှုများ ဆက်လက် လုပ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading